ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့အထိမ်းအမှတ် စစ်ကောင်စီက နိုင်ငံတဝန်း နိုင်ငံရေးအကျဥ်းသား ၂၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့အထဲမှာ မေ ၃ ရက် ဒီကနေ့မနက် အင်းစိန်အကျဥ်းထောင်ကနေ ၅၀၅ - က အမှုတမှုတည်းနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသမား ၃၁၆ ဦး ပြန်လွတ်မြောက်လာပါတယ်။
ဒီကနေ့မနက် ၁၁ နာရီ ၁၅ မိနစ်မှာ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ အမျိုးသမီးအကျဥ်းသားတယောက်မှ မပါဝင်ဘဲ လွတ်ရက်စေ့ခါနီး အမျိုးသားအကျဥ်းသားတွေကိုပဲ ပုဒ်မ ၄၀၁ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
မနက်ဖန်မှာ လွတ်ရက်စေ့မှာဖြစ်ပြီး ဒီကနေ့မှာ ခံဝန်နဲ့ ပြန်လွှတ်ပေးတဲ့အပေါ် နိုင်ငံရေးအကျဉ်းသားတဦးကတော့ “လုံးဝကိုမကျေနပ်ပါဘူး” လို့ ပြောပါတယ်။
ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့အထိမ်းအမှတ်အနေနဲ့ ပြည်သူတွေ စိတ်နှလုံးချမ်းသာအောင်၊ လူသားအချင်းချင်းစာနာမှုတွေနဲ့ အကျဥ်းထောင်အသီးသီး၊ အချုပ်ထောင်အသီးသီး၊ စခန်းအသီးသီးကနေ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၅၀၅(က) နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၂,၁၅၃ ယောက်ကို မတ်လ ၃ ရက် နေ့စွဲနဲ့ လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
လွတ်မြောက်ခဲ့သူတွေက ပုဒ်မ ၄၀၁၊ အပိုဒ် ၁ အရ နောက်ထပ် တစုံတရာ ပြစ်မှုကျူးလွန်ရင် ပထမလက်ကျန်နှစ်ကို ပြန်ခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။