ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ဖုပ်ပရ-အုန်းဖျန် ကားလမ်းမပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ မြန်မာနိုင်ငံသား လူငယ် ၂ ဦးကို မြွေအရေခွံအိတ်နဲ့ပတ်ကာ လျှို့ဝှက်သယ်ဆောင်လာတဲ့ သေနတ် ၂ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
မေလ ၁ ရက် ညနေပိုင်းမှာ မဲဆောက်-အုံးဖျန် လမ်းမကြီးအတိုင်း မြန်မာနိုင်ငံသား ၂ ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ထိုင်းရဲတပ်ဖွဲ့က မသင်္ကာဖွယ်ရာ တွေ့ရှိတဲ့အတွက် စစ်ဆေးခဲ့ရာ မြွေအရေခွံအိတ်အမျိုးအစားနဲ့ ပတ်ကာ သယ်ဆောင်လာတဲ့ AK-47 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ရှော့ဂန်းအမျိုးအစားလို့ ယူဆရတဲ့ သေနတ်အရှည် ၁ လက်၊ စုစုပေါင်း သေနတ် ၂ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။
အဆိုပါ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၂ဝ အရွယ်နဲ့ အသက် ၂၅ နှစ်အရွယ် လူငယ် ၂ ဦးက မြန်မာစစ်တပ်ကို တော်လှန်နေတဲ့ ကရင်လက်နက်ကိုင် အင်အားစုတွေနဲ့ ပတ်သက်နေတယ်လို့ တွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အသုံးပြုဖို့ လက်နက်တွေကို ထိုင်းဘက်ခြမ်းကနေ လာရောက်သယ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပြီး ထိုင်းနိုင်ငံဥပဒေအရ မြန်မာနိုင်ငံသား ၂ ဦးကို မဲဆောက်မြို့နယ်ရဲစခန်းမှာ အမှုစစ်ရဲအရာရှိက တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။
ဧပြီ ၂၅ ရက်က ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့ ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရပြီးကတည်း ထိုင်းနိုင်ငံက လုံခြုံရေးကို အထူးတင်းကျပ်ထားပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် မေလ ၁၉ ရက်ကလည်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့မှာ မြန်မာနိုင်ငံကို ပို့ဆောင်မယ့် စလောင်းနဲ့ အင်တာနက်ဆက်သွယ်ရေး စစ်သုံးပစ္စည်းတွေကို ထိုင်းနယ်ခြားစောင့်တပ်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။
Source - မြဝတီ-မဲဆောက်မီဒီယာ