တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ရှမ်းကိုးရွာဒေသ နယ်စပ်ကနေပြီး ထိုင်းနိုင်ငံဘက်ကို တရားမဝင်တင်ပို့တဲ့ ရာဘာပြားတွေကို ထိုင်းနိုင်ငံတာဝန်ရှိသူတွေက ဖမ်းဆီးမိခဲ့တယ်လို့ ရနောင်းအသံလွှင့်ဌာနကနေ သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၂၉ ရက်က ရှမ်းကိုးရွာဒေသနဲ့ နယ်မြေထိစပ်နေတဲ့ ဘန်နန်ဒေါင်းကျေးရွာကို ရေလမ်းခရီးကတဆင့် လှေနဲ့ ရာဘာပြားသယ်ဆောင်လာတဲ့အချိန် ထိုင်းအထူးတပ်ဖွဲ့ ၂၅ ကနေပြီးတော့ သတင်းအရ ရှာဖွေဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။
ဒေသခံတဦးက “ထိုင်းဘက်ကို ဒီလိုမျိုး သယ်ဆောင်နေကြတာက ကြာပါပြီ။ အရင်ကလည်း ဖမ်းဆီးခံလိုက်ရတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ဖူးပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ရာဘာပြား ကီလိုချိန် ၂,၁ဝဝ ခန့်အပြင် သယ်ယူဖို့ စောင့်ဆိုင်းနေတဲ့သူတွေနဲ့ ဘေးတွဲယာဉ် ၇ စီးကိုပါ အတူဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးမိတဲ့သူတွေနဲ့ ရာဘာပြားတွေကို ရနောင်းခရိုင်ထဲက အကောက်ခွန်ရုံးကို ပို့ဆောင်ထားပြီး တရားမဝင် ကုန်စည်ကူးသန်းရောင်းဝယ်ရေး ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့အတွက် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း ရှမ်းကိုးရွာဒေသမှာ ရာဘာပြား တန်ချိန်ပေါင်း ၁ သန်းကျော်အထိ ဖမ်းဆီးမိခဲဲ့တယ်လို့ သိရပါတယ်။