တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ မေလ ၁ ရက် ညနေ ၅ နာရီလောက်က လမ်းသွားလမ်းလာအမျိုးသမီးတဦး ဖုန်းစစ်ဆေးခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ အဖမ်းခံရသူနဲ့ နီးစပ်သူက ပြောပါတယ်။
အဖမ်းခံရသူဟာ လောင်းလုံးမြို့နဲ့ကပ်လျက် သဗျာကျေးရွာက အသက် ၄၀ ဝန်းကျင်ရှိတဲ့ ဒေါ်နုနုရှိန်ဖြစ်ပြီး ဖုန်းထဲမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ ပတ်သက်တာတွေကို တွေ့လို့ ဖမ်းဆီးခဲ့တာလို့သိရပါတယ်။
အဖမ်းခံရသူနဲ့ နီးစပ်တဲ့ လောင်းလုံးမြို့ခံအမျိုးသမီးတဦးကတော့ "သူ့အသိတယောက်က PDF ထဲရောက်နေတာ၊ အဲဒါ သူနဲ့ စကားပြောထားတာကိုလည်း မဖျက်ထားမိတော့ ဖုန်းစစ်ရင်းနဲ့ တွေ့သွားတာ" လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒေါ်နုနုရှိန်ဟာ တခြားအမျိုးသမီးတဦးနဲ့ ဆိုင်ကယ်စီးပြီး လောင်းလုံးမြို့ထဲဝင်လာတဲ့အချိန် မြို့အဝင် ညောင်ပင်လမ်းဆုံမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးဖမ်းဆီးတာ ခံခဲ့ရတာပါ။
အဖမ်းခံရပြီးမှာတော့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးမှာ တနာရီခန့်အကြာ စစ်ဆေးခံခဲ့ရပြီးနောက် လောင်းလုံးမြို့မရဲစခန်းကို ခေါ်သွားတယ်လို့သိရပါတယ်။
အဖော်ဖြစ်သူ လောင်းလုံးမြို့ခံ တခြားအမျိုးသမီးတဦးကိုတော့ စစ်ဆေးခဲ့ပေမဲ့ သက်သေအထောက်အထား မတွေ့တာကြောင့် ညနေ ၆ နာရီကျော်လောက်မှာ ပြန်လွှတ်လိုက်တယ်လို့ ပြန်လွတ်လာသူနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
လောင်းလုံးမြို့မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေက မြို့အဝင်အထွက်နေရာတွေမှာ လမ်းသွားလမ်းလာတွေကို နေ့တိုင်းနီးပါ တားဆီးစစ်ဆေးလေ့ရှိပါတယ်။