မကွေးတိုင်း မြိုင်မြို့နယ်၊ သရက်ကန်ရွာကို ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီလောက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပျူးစောထီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိုင်ပကဖက သိရပါတယ်။
ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၅ ကြိမ်ကြဲချ တိုက်ခိုက်ခဲ့တာကို ဧရာအနောက်ပြောက်ကျားတပ်ဖွဲ့နဲ့ TYK အဖွဲ့တို့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ မြိုင်ပကဖ၊တပ်ရင်း(၁)၊ တပ်ခွဲ (၂) ဂဠုန်တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ရဲဘော်ဇေယျာက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ ပျူစောထီးသင်တန်း တက်ရောက်နေတဲ့ အမျိုးသမီး ၁ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော်ဇေယျာက “သတင်းရတဲ့ အိမ်တွေကို သွားကြဲနေတာ။ အီနာဂါကလည်း မလုံလောက်တော့ လို့ တခါကြဲရင် လေးငါးခြောက် လုံးလောက်ဘဲ ကြဲနိုင်တာ အများကြီးမကြဲနိုင်ဘူး”လို့ ဆိုပါတယ်။
ဧပြီ ၂၆ ရက်မှာတော့ စစ်ကောင်စီရဲ့ တပ်ကြပ်အဆင့်ရှိသူ တယောက် ဒဏ်ရာ ရရှိပြီး ဧပြီ ၂၇ ရက်မှာလည်း ပျူစောထီးသင်တန်းတက်နေတဲ့ အမျိုးသမီး တယောက် ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။
အဲဒီရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက မြိုင်မြို့ကနေ ၁၀တန်း စာမေးပွဲဖြေပြီး ပြန်လာတဲ့ အသက် ၁၆/၁၇ အရွယ်ကလေးတွေကို လက်နက်ကိုင်သင်တန်း ပေးနေတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ဧပြီ ၂၉ ရက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ CDF-ကန်ပက်လက်က ထုတ်ပြန်ထားပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ကိုထွန်းလိန်းကို ဆက်သွယ်ခဲ့ ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။
ကျင်ဒွေးမြို့ စစ်ကောင်စီတပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ ဧပြီ ၂၉ ရက်မှာ ကျေးရွာ တွေကို ဝင်ရောက်လာလို့ နှစ်ဘက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲဟာ ကျင်ဒွေးမြို့နဲ့ ငါးအော်ကျင်းကျေးရွာကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ၂ယောက်သေဆုံးခဲ့ပြီး CDF-ကန်ပက်လက်က ရဲဘော်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကန်ပက်လက်မြို့နယ် ထွေအုပ်ရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဧပြီ ၂၆ ရက် မနက်ပိုင်းမှာ CDF-ကန်ပက်လက်က သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁ ယောက် သေဆုံးကာ ၂ ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။