ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့မှာ ဧပြီ ၂၇ ရက် ညနေ ၅ နာရီခွဲက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးက အရာရှိတယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကညွတ်ကွင်းမြို့ လျှပ်စစ်မန်နေဂျာရုံးက အရာရှိ ဦးကျော်စံလင်းဟာ ရန်ကုန်-မန္တလေးလမ်းဟောင်း တောင်ဂုံးတဲကျေးရွာ မိုင်တိုင်အမှတ် ၁၁၄/၁ ဖာလုံအနီးမှာ ဆိုင်ကယ်နဲ့နေအိမ်ကိုပြန်လာစဥ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ကညွတ်ကွင်းရဲစခန်းအနီးမှာ ပစ်သွားတာ။ သေနတ်ပစ်သံကြားတာတောင် ရဲတွေထွက်မလာဘူး။ ခြောက်နာရီကျမှ အလောင်းလာကောက်တာ ဒါတောင်စစ်တပ်ပါလို့” လို့ ပြောပါတယ်။
အရာရှိ ဦးကျော်စံလင်းဟာ ကျည်ထိမှန်ဒဏ်ရာငါးချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ သူနဲ့နီးစပ်တဲ့ လျှပ်စစ်ဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရင်ဘတ်ကို သုံးချက်၊ မေးစေ့ကိုနှစ်ချက် ပစ်သွားတာ။ ဖြူးမြို့နယ်က EPC ရုံးက ပြန်လာတဲ့အချိန် ပစ်ခံရတာ” လို့ ပြောပါတယ်။
ဦးကျော်စံလင်းကို ဘယ်သူက ဘာကြောင့်ပစ်ခတ်တယ် ဆိုတာကိုတော့ ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ကြေညာထားတာ မရှိပါဘူး။
ပစ်ခတ်မှုဖြစ်ပြီးနောက် ကညွတ်ကွင်းနယ်မြေရဲစခန်းက ရဲတွေဟာ စစ်ကောင်စီတပ်ကို ခေါ်ပြီး အခင်းဖြစ်ရာနေရာမှာ ကျည်ခွံတွေကို သိမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖြူးမြို့နယ်နဲ့ ကညွတ်ကွင်းမြို့နယ် မြို့အဝင်ဂိတ်နဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ကားနဲ့ ဆိုင်ကယ်တွေ စစ်ဆေးနေပါတယ်။