ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ နန်းမားမြို့မှာ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
နန်းမားဘူတာရုံအနီး ဆိုင်ကယ်မောင်းနှင်လာစဉ် အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့လို့ ဦးခေါင်းကို ကျည်ထိမှန် သေဆုံးခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသားတဦးက “နေ့လယ် ၁၂ နာရီလောက် ဘူတာရုံနားမှာ အပစ်ခံရတာ။ ဆိုင်ကယ်မောင်းလာတုန်း ပစ်သွားတာ။ ဦးခေါင်းကို ကျည်ထိပြီး ဝဲ နောက်စေ့ကနေ ပွင့်ထွက်သွားတယ်။ ဘာကြောင့်ပစ်လဲတော့မသိဘူး။ ပွဲချင်းပြီးသေတယ်” လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရတဲ့ နိုင်ရာဇာထွန်းဟာ နန်းမားမြို့ သီရိမွန်ရပ်ကွက်မှာ နေထိုင်ပြီး ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသူတဦး ဖြစ်ပါတယ်။ သူ့ကို ဘယ်အဖွဲ့က ဘာကြောင့် ပစ်ခတ်သွားလဲဆိုတာတော့ လတ်တလော မသိရသေးပါဘူး။
နန်းမားမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်က SSP ရှမ်းနီ(တိုင်းလျန် ) သွေးစည်းညီညွတ်ရေး ပါတီဝင်တဦးဖြစ်တဲ့ ဦးတင်ညွန့်ကို လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် အမည်မသိ သေနတ်သမားက ပစ်ခတ်သွားလို့ သေဆုံးခဲ့ပါတယ်။