တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီစခန်းကို ဧပြီ ၂၄ ရက် ညနေ ၆ နာရီလောက်မှာ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ပုလောဒေသကာကွယ်ရေးအဖွဲ့နဲ့ ပူရိယက္ခညီနောင် စစ်ကြောင်းတို့ပါဝင်တဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီ တပ်စခန်းကို မြေပြင်ကနေ တိုက်ခိုက်တာအပြင် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျရှုံးမှု မရှိဘဲ စစ်ကောင်စီဘက်က ထိခိုက်ကျရှုံးမှုကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “စစ်ကောင်စီတပ်တွေရှိရာ နေရာတွေမှာ အချိန်မရွေး တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာနေပေးကြဖို့ သတိပေးချင်ပါတယ်” လို့ ပြောပါတယ်။
ပုလောမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အချိန်မရွေး တိုက်ပွဲဖြစ်ပွားတဲ့ ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။
ပုလောမြို့နယ်မှာပဲ ပြီးခဲ့တဲ့တပတ်အတွင်း စစ်ကောင်စီတပ်က အမျိုးသမီးတွေ အပါအဝင် ဒေသခံတချို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဈေးသွားပြီးပြန်လာတဲ့ အမျိုးသမီးနှစ်ဦးကို ပုလောမြို့၊ အမှတ် ၄ ရပ်ကွက် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးလိုက်တယ်လို့ နီးစပ်ရာ ဆွေမျိုးတွေဆီက သိရပါတယ်။
“ဘာကြောင့်ဖမ်းဆီးတာလဲတော့ မသိရသေးဘူး။ ရိုက်နှက်တာတွေတော့ မရှိဘူး” လို့ နီးစပ်ရာ ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်မှာပဲ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် မနက်ပိုင်းက လက္ကူးကျေးရွာမှာ ကုန်ခြောက်ဆိုင်ဖွင့်ထားတဲ့ လင်မယားနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံရတဲ့သူတွေကို ပုလောမြို့အခြေစိုက် ခလရ ၂၈၅ တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီရဲ့ ပုလောမြို့ ခလရ ၂၈၅ တပ်ရင်းမှာ အမျိုးသမီး ၁၀ ဦးမက ဧပြီလအတွင်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပုလောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ပုလောတံတားစစ်ဆေးရေးဂိတ်၊ မကျည်းကုန်း စစ်ဆေးရေးဂိတ်၊ ပလစစ်ဆေးရေးဂိတ်၊ အမှတ် ၅ လမ်းဆုံ စစ်ဆေးရေးဂိတ်နဲ့ နန်းတောင်စစ်ဆေးရေးဂိတ်တို့မှာလည်း စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူတွေ အပေါ် စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်တာတွေ၊ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးတာတွေနဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေညှစ် ဖမ်းဆီးတွေလုပ်နေတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။