Home
မြန်မာသတင်း
မြိတ်မြို့တွင် ကားပေါ်ဗုံးပေါက်ကွဲပြီး လူ ၂ ဦးသေဆုံး၊ ဝက်သယ်ကား ၂ စီးကို စစ်တပ်က ဖမ်းဆီးပြီး ဒဏ်ငွေရိုက်
DVB
·
April 24, 2023
car bomb

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကန်ဖျားကန်လမ်းမကြီး၊ ဦးမြတ်လေးပန်းခြံအနီးမှာ ဧပြီ ၂၃ ရက် ညနေ ၄ နာရီ ၁၅ မိနစ်လောက်က ဟွန်ဒါဖစ် ကားတစီးပေါ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ယာဉ်ပေါ်ပါလူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတဦးက “ဗုံးက လမ်းလယ်မှာပေါက်ပြီး ဘီးတွေပါ ပေါက်ထွက်တာပါ။ ရှေ့ပိုင်း လုံးဝသုံးမရတော့ဘူး။ ပြီးမှ ကားနောက်ပြန်လိမ့်ပြီး ဘုရားကျောင်းရှေ့ ပလက်ဖောင်းပေါ် တင်သွားတာပါ။ လက်ပစ်ဗုံးနဲ့ ပစ်ခံရတာ မဖြစ်နိုင်ပါဘူး။ ပေါက်ပြီးတာနဲ့ ကားအဖြူတစီး ရောက်လာပြီး သေနတ်တချက် မိုးပေါ်ထောင်ပစ်ပြီး ကန်ဖျားဘက် ဆက်မောင်းပြေးသွားတယ်” လို့ ပြောပါတယ်။

ရပ်ကွက်နေဒေသခံတဦးကလည်း “ပေါက်ကွဲသံတော့ အကျယ်ကြီးကြားလိုက်ရတယ်။ ဗုံးပေါက်တာလို့ နောက်မှသိတယ်။ ဘယ်လိုပေါက်တာလဲ ဆိုတာတော့ မသိရဘူး။ စစ်သားတွေက လမ်းတွေပိတ်ပြီး လုံခြုံရေးတွေ တင်းကျပ်ထားတယ်” လို့ ပြောပါတယ်။

ကားပေါ်မှာ သေဆုံးသူ အမျိုးသားဟာ အသက် ၄၅ နှစ်ကျော်အရွယ် ဦးဝင်းဆွေဖြစ်ပြီး အမျိုးသမီးကတော့ အသက် ၃၈ နှစ်အရွယ် ဒေါ်မေကဗျာ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“မေကဗျာက သင်္ကြန်ကာလမှာ စစ်ကောင်စီနဲ့ပေါင်းပြီး သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်တဲ့သူထဲမှာ ပါပါတယ်။ ကျနော်တို့ ကြားရသလောက်တော့ သင်္ကြန်ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်လို့ လုပ်သွားတယ်လို့ သိရတယ်” လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “အခုလို ပေါက်ကွဲမှုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျနော်တို့အဖွဲ့က လုပ်ဆောင်တာ မဟုတ်ပါဘူး။ လုပ်ဆောင်တဲ့သူတွေကိုလည်း ကျနော်တို့အဖွဲ့က စုံစမ်းနေတုန်းပါ” လို့ ပြောပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ လေတပ်ရှေ့မှာ ပစ်ခတ်သံကြားရပြီးနောက် စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက် ညပိုင်းမှာ ဝက်သယ်ကား ၂ စီးကို ဖမ်းဆီးပြီး ဒဏ်ငွေရိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဝက်အရောင်းအဝယ်လုပ်နေသူတဦးက “ဝက်တွေသယ်လာတဲ့ ကား ၂ စီးက လေတပ်ရှေ့လမ်းကနေ ဖြတ်တယ်။ ဖြစ်ချင်တော့ ကားချွတ်ယွင်းမှုဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်သံမျိုး ထွက်လာတယ်။ အဲဒါကို စစ်ကောင်စီတပ်သားတွေက သူတို့ကို လာပစ်တယ်ဆိုပြီး မြို့တမြို့လုံးမှာ ကား ၂ စီးကို ရှာတာ။ အဲဒီကား ၂ စီးကိုလည်း တွေ့သွားတယ်။ ကားမောင်းသမား ၂ ယောက်စလုံးကို ဖမ်းပြီး လေတပ်မှာ ရိုက်လိုက်သေးတယ်။ ရိုက်ပြီးတော့ ရဲစခန်းကို အပ်လိုက်တယ်။ ပုဒ်မတပ်မရတော့ ကားတစီးကို ၄ သိန်း၊ ၂ စီးကို ၈ သိန်း ဒဏ်ငွေဆောင်ခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလေတပ်ရှေ့မှာ ပေါက်ကွဲသံ ကြားရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မြိတ်မြို့ရဲ့ မြိတ်တောင်ရပ်ကွက်နဲ့ ကန်ဖျားရပ်ကွက်တွေမှာ လျှပ်စစ်မီးဖြတ်ပြီး ကား ၂ စီးကို ပိုက်စိပ်တိုက် လိုက်ရှာခဲ့တယ်လို့လည်း မြို့ခံတွေထံက သိရပါတယ်။

မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လေတပ်ရှေ့မှာ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သူတို့အဖွဲ့က လုပ်ဆောင်တာမဟုတ်ဘူးလို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024