ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စီအိုင်ဒီရုံးကို ဧပြီ ၂၃ ရက် ညပိုင်းက ဗုံး ၆ လုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUGA) က ပြောပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုတွေဟာ ည ၁၀ နာရီ ၄၂ မိနစ်နဲ့ ၁၀ နာရီ ၄၇ မိနစ်တွေမှာ ၂ ကြိမ် ပေါက်ကွဲပြီး ည ၁၁ နာရီ ၄၇ မိနစ်မှာ ၄ ကြိမ် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
ဗုံးပေါက်ကွဲသံတွေကို ရန်ကုန်မြို့က မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ လှိုင်၊ အင်းစိန်နဲ့ လှိုင်သာယာမြို့နယ်တွေကအထိ ကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြောက်ဥက္ကလာပမြို့ခံတဦးက “ည ၁၀ နာရီ ၄၀ ကျော်လောက်က ၂ သံကြားရတာ။ မီးတွေလည်းပျက်ပြီး အသံတိတ်နေတော့ ဒီဘက်ကအထိ တော်တော်ကျယ်ကျယ် ကြားရတယ်။ နောက်တနာရီလောက်ကြာတော့ ထပ်ပြီး အသံအကျယ်ကြီး ၂ ချက်နဲ့ ပေါက်ကွဲသံတွေ ထပ်ကြားရတယ်။ အင်းစိန် ဒါမှမဟုတ် မရမ်းကုန်းဘက်ကဖြစ်မယ်” လို့ ပြောပါတယ်။
အခုစစ်ဆင်ရေးနဲ့ပတ်သက်လို့ YUGA ဘက်က “ပထမ ၂ လုံး ရှေ့ဆင့်နောက်ဆင့်၊ နောက် ၄ လုံး တပြိုင်တည်းပါ။ စစ်ရေးပစ်မှတ်အဖြစ် ရန်သူအကြမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်ရခြင်း ဖြစ်ပါတယ်။ ရန်ကုန်ဟာ ငြိမ်သက်မနေကြောင်းနဲ့ မြို့ပြပြောက်ကျားတွေအနေနဲ့လည်း တော်လှန်ရေးအောင်မြင်တဲ့အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမှာပါ။ ပြည်သူလူထုအနေနဲ့လည်း သွေးမအေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။
စီအိုင်ဒီရုံးမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပြီးချိန်မှာ စစ်ကောင်စီဘက်က လာစစ်ဆေးချိန် ထပ်မံပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာနဲ့ သေဆုံးမှုရှိနိုင်တယ်လို့ YUGA က ပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
ဗုံးကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုတွေကိုတော့ စစ်ကောင်စီ မီဒီယာတွေက သတင်းထုတ်ပြန်တာမရှိဘဲ ထိခိုက်မှုအသေးစိတ်ကို မသိရသေးပါဘူး။