Home
မြန်မာသတင်း
ပြည်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ ၄ ဦးကို သာယာ၀တီထောင်သို့ ရွှေ့ပြောင်း
DVB
·
April 24, 2023
342219642_150013714478611_4095449319606764169_n

ပြည်အကျဉ်းထောင်ကနေ ထောင်မှူးနဲ့ အဆင်မပြေတဲ့ နိုင်ငံရေးအကျဉ်းသူ ၄ ယောက်နဲ့ အမျိုးသား အကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေက သာယာ၀တီထောင်သို့ ရွှေ့ပြောင်းလိုက်တယ်လို့  ထောင်နဲ့ နီးစပ်တဲ့အသိုက်အဝန်းကနေ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသူတွေဖြစ်တဲ့ ဒေါ်မာမာဦး၊ ဒေါ်စာဥ ၊ ဆုဝေဖြိုးနဲ့  မပြည့်ပြည့်ဝင်းတို့ကို ဧပြီ ၂၄ ရက် မနေ့က မနက်ပိုင်းမှာ သာယာဝတီထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။

ပြည်ထောင်နဲ့နီးစပ်သူတယောက်က “သူတို့အထဲမှာ ဒေါ်စာဥနဲ့ ဆုဝေဖြိုးတို့က ထောင်မှူးမနဲ့ အဆင်မပြေတာ။ သူတို့က ထောင်ထဲမှာလိုတာတွေအကုန်လုံး အိမ်ကနေပဲ မှာပို့နေရတာတွေ။ ထောင်က ဘာမှလုပ်မပေးတာတွေကို ခဏခဏ ထောင်ပိုင် တန်းစီနေ့တွေမှာ ထထပြီး တင်ပြကြတော့ကြာတော့၊ မိန်းမဆောင်ထောင်မှူးနဲ့က အဆင်မပြေတော့ဘူး။ အဲဒါကြောင့်ထောင်ပြောင်းလိုက်တာ”လို့ပြောပါတယ်။

ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေထဲက တစ်ယောက်တော့ ကျန်းမာရေး မကောင်း ဘူးလို့လည်း သိရပါတယ်။ 

“ဒေါ်မာမာဦးကတော့ ကင်ဆာရောဂါဖြစ်နေတာကြောင့် ထောင်ကြီးမှာ ဆိုရင် ဆေးဝါးက ပိုစုံတာရယ်။ သာယာထောင်က ထောင်ကြီးဆိုတော့ ဆရာဝန်ပါရှိနေလို့ အဲ့ဒိလို ပြောင်းတာ။ မပြည်ပြည့်ဝင်းကတော့ အရင်ကတည်းက ဒေါ်မာမာဦးကို စောင့်ရှောက်ကူညီပေးနေတော့ သူ့ကိုလည်း ထောင်ပြောင်းထဲထည့်လိုက်တာ၊ ဆုဝေဖြိုးက လင်မယား နှစ်ယောက်လုံး  ပြည်ထောင်ထဲမှာ ထောင်ကျနေတာ။ သူ့ယောကျ်ားတောင် မသိလောက်သေးဘူး။ ထောင်မှူးမက  မကြည်လို့ အခုလိုထောင်ပြောင်းထဲထည့်လိုက်တာ”လို့ ပြည်ထောင်နဲ့ နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။

အခုလို  နိုင်ငံရေးအကျဉ်းသားတွေကိုထောင်ပြောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာနကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။ 

ပြည်အကျဉ်းထောင်ရှိ အမျိုးသမီးထောင်မှာ တိုက်ခန်း နှစ်ခန်းနဲ့  အဆောင်တဆောင်ရှိပြီး၊ အဲ့ဒီအဆောင်မှာ အခန်း ၄ ခန်းပါဝင်ပါတယ်။ အခန်း ၃ ခန်းကတော့ ထောင်ဒဏ်ကျပြီးသူတွေကိုထားပါတယ်။ ကျန်တဲ့အခန်းတွေက ကွာရန်တင်းနဲ့ အချုပ်သားသစ်တွေ အတွက်ထားသလို ပုံစံခန်း အဖြစ်လည်း သုံးပါတယ်။

အမျိုးသမီးထောင်မှာ ရှိတဲ့ အခန်းနဲ့ လူဦးရေမမျှတာကြောင့် အခန်းတခန်းမှာရှိသင့်တဲ့ ပမာဏထက် များစွာပိုများနေတာ၊ မီးပျက်တာ၊ ခြင်ကိုက်တာ၊ ရာသီဥတုပူပြင်းတာတွေရယ်ကြောင့်၊ ထောင်သားတွေ ကျန်းမာရေးချို့တဲ့နေကြတယ်လို့ ပြည်ထောင်က လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား တယောက်ထံကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024