Home
မြန်မာသတင်း
စစ်တွေဒေသခံများကို ALP က ဖမ်းဆီးငွေညှစ်
DVB
·
April 22, 2023
342552487_580674967462587_320704637266604350_n

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ဒေသခံအချို့ကို ရခိုင်အမျိုးသားလွတ်မြောက်ရေး ပါတီ (ALP/ALA) က ဖမ်းဆီးပြီး ငွေညှစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တွေပြည်သူ့ဆေးရုံမှာ လူနာသတင်းလာမေးတဲ့ ပေါက်တောမြို့နယ် ကန်ပြင်ကျေးရွာက အသက် ၅၀ နှစ်အရွယ် ဦးညီးချေကို စစ်တွေမြို့ ကယ်ဆယ်ရေး အကွက် ၂ က လက်​ဖက်ရည်ဆိုင် ထိုင်နေချိန် ဧပြီ ၁၅ ရက် ညနေ ၃ နာရီကျော်လောက်မှာ ALP အဖွဲ့ဝင် ၆ ယောက်က ပစ္စတို တလက်ကိုင်ဆောင်ကာ ဖမ်းဆီးပြီး အနက်ရောင်ကားတစီးနဲ့ ခေါ်ဆောင်သွားကြတယ်လို့ ကန်ပြင်ကျေးရွာဒေသခံတယောက်က ပြောပါတယ်။

အဲဒီ ALP ရုံးကို ဧပြီ ၂၀ ရက်နေ့ ညနေ ၄ နာရီလောက်မှာလည်း ကန်ပြင်ကျေးရွာက ကျောင်းထိုင် ဆရာတော်အပါဝင် ရပ်မိရပ်ဖတွေ လိုက်သွားပြီး သွားရောက်ညှိနှိုင်းရာ သိန်း ၇၀၀ ကျပ် တောင်းပေမယ့် သိန်း ၃၅၀ ကျပ်နဲ့ ညှိနှိုင်းငွေပေးချေပြီး ပြန်လည်ထုတ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့ ပေါ်က အရက်ဆိုင် တဆိုင်ကိုလည်း ဧပြီ ၂၀ ရက် ည ၁၀ နာရီလောက်မှာ ALP အဖွဲ့ဝင် ၂၀ လောက်ရောက်လာပြီး ပြည်သူ ၇ ယောက်ကို ဖမ်းဆီးကာ ရုံးကို ခေါ်သွားပြီးရိုက်နှက်ခဲ့ကာ တစ်ယောက်ကို ငွေကျပ် ၂ သိန်းစီ တောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်တွေမြို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် အရက်ဆိုင်ပြန်ဖွင့်မယ်ဆိုရင် ALP ရုံးကို လစဥ်ကြေး ၂သိန်းကျပ် ပေးသွင်းရမယ်လို့ ပြောဆိုပြီး တခြား အရက်ဆိုင်တွေကို လစဥ်ကြေး ၂ သိန်းကျပ်စီကောက်ခံတယ်လို့ စုံစမ်းသိရတယ်လို့ ဆိုပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်လို့ ALP သတင်းပြန်ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက “အဲဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ကတော မသိရှိရသေးတာကြောင့် စုံစမ်းကြည့်ဖို့ ကြံနေတုန်းပါ။ ဆရာမကြီး လည်း မသိသေးပါ။ ဆရာမကြီး (ဒေါ်စောမြရာဇာလင်း)ကလည်း အဲဒီဖြစ်စဥ်တွေကို ခွင့် မလွှတ်ပါ။ အဲဒီ လုပ်ရပ်တွေကိုလည်း မကြိုက်ပါ။ လုပ်လိမ့်မယ်လို့လည်း မထင်ပေမယ့် မသိရ သေးပါဘူး” လို့ ပြောပါတယ်။

ALP/ALA အဖွဲ့ဝင်တွေဟာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ အထိုင်ချတပ်စွဲထားပြီး ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်ကာ ငွေညှစ်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဇန်နဝါရီ ၄ ရက်မှာ ALP ပါတီ ခေါင်းဆောင်ပိုင်းထဲက ၃ ယောက် သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024