ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇိမ်းသဲကျေးရွာနားက ချင်းအမျိုးသားတပ်ဦး CNA တပ်စခန်းကို ဧပြီ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၂၃ နှစ်ရှိ ရဲဘော် တယောက် ကျဆုံးပြီး တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နီးစပ်သူ တဦးက "လေယာဉ်နဲ့ဗုံးကြဲလို့ ရဲဘော် ဆလိုင်းကိုရင် ကျဆုံးခဲ့ပြီးတပ်ဖွဲ့ဝင် ၅ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ် "လို့ ဆိုပါတယ်။
အိန္ဒိယနယ်စပ်နဲ့ လေးမိုင်ကနေ မိုင်ဝက်လောက်သာဝေးတဲ့ ဇိမ်းသဲရွာကို ၁၁ နာရီ ၄၅ မိနစ်မှာ တကြိမ်ဗုံးကြဲပြီး ၁၂ နာရီမှာ ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း ဧပြီ ၁၈ ရက်ညပိုင်း တိုက်ပွဲမဖြစ်ဘဲ ပြည်သူနေအိမ်တွေကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ ဗုံးကြဲလေယာဥ်နဲ့ ၃ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF - Mindat ကနေ သိရပါတယ်။
ဧပြီ ၁၆ ရက် ညနေပိုင်းကလည်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေအကြမ်းဖက် တိုက်ခိုက်ခဲ့လို့ ကလေးငယ်တယောက်၊ သက်ကြီးရွယ်အိုတယောက်နဲ့ မိန်းကလေးငယ်တယောက် သေဆုံးသွားပါတယ်။