Home
မြန်မာသတင်း
တရုတ်လျှပ်စစ်မီးကိုသာ အဓိကသုံးစွဲကြသည့် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့
DVB
·
April 22, 2023
342199398_1185529108824907_8429092452508544321_n

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့က ဒေသခံ‌တွေဟာ မြန်မာလျှပ်စစ်မီးထက် ပြတ်တောက်မှု ရာခိုင်နှုန်းနည်းပြီး ၂၄ နာရီလုံး အချိန်ပြည့်လာတဲ့ တရုတ်လျှပ်စစ်မီးကို ဆယ်စုနှစ် ၂ ခု ကျော်အထိ အဓိကထား သုံးစွဲတယ်လို့ သိရပါတယ်။

မီတာခ သက်သာပေမဲ့ အချိန်မှန် မလာတာ၊ မီးအားနည်းပြီး ထမင်းဟင်းချက် စားသောက်ဖို့ အဆင်မပြေတာကြောင့် မြန်မာလျှပ်စစ်မီးကို ဒေသခံတွေအ‌နေနဲ့ သုံးစွဲမှု နည်းပါးတာလို့ ဒေသခံတွေက ပြေပါတယ်။

ဒေသခံတွေဟာ ခရမ်းချဉ်သီး မီးအားပမာဏသာရှိတဲ့ မြန်မာလျှပ်စစ်မီး အခြေအနေမျိုးကို ကြုံတွေ့ ခဲ့ရပြီး သုံးစွဲမှု နည်းတာကြောင့် မီတာခတွေ လာရောက်ကောက်ခံတာမျိုး မရှိတဲ့ အခြေအနေထိ ဖြစ်ခဲ့တယ်လို့ ‌ဟိုပန်မြို့နေ ဒေသခံတဦးက ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာတေ့ာ မြန်မာလျှပ်စစ်မီးကို ရပ်ကွက်လိုက် အလှည့်ကျပေးတာမျိုး ပြုလုပ်ခဲ့ပြီး အရင်နှစ်တွေထက် မီးအားလည်း ပိုကောင်းပြီး ပုံမှန်လာတာကြောင့် မီတာခဈေးကြီးတဲ့ တရုတ် လျှပ်စစ်မီးကို ချွေတာသုံးစွဲကြတဲ့ ဒေသခံတွေအတွက် များစွာအဆင်ပြေခဲ့ပါတယ်။

၂၀၂၂ နှစ်ကုန်ပိုင်းကစလို့ အခုနှစ်၂၀၂၃ မှာတေ့ာ မြန်မာလျှပ်စစ်မီးဟာ ပုံမှန်မလာရာကနေ လုံးဝ မလာတေ့ာတဲ့ အခြေအနေမျိုး ဖြစ်လာတာ‌ကြောင့် ဒေသခံ‌တွေအနေနဲ့ တရုတ်မီးကိုသာ ပြန်ပြီး သုံးစွဲကြတာ ဖြစ်ပါတယ်။ 

၂၀၂၂ မတိုင်ခင်က တရုတ်မီး ၁ ယူနစ်ကို တရုတ်ငွေ ၁ ဒသ ၈ ယွမ် (မြန်မာငွေ ၇၀၀ ကျပ်) ကျပြီး ခိုးယူသွယ်တန်း သုံးစွဲသူတွေများတာကြောင့် ၂၀၂၂ ကစပြီး ကတ်စနစ်ကို ပြောင်းလဲခဲ့ပါတယ်။

ကတ်စနစ်ပြောင်းလဲ သုံးစွဲပြီးတဲ့နောက်မှာတေ့ာ  ယခင်ယူနစ်ပုံစံထက် အကုန်အကျ ပိုများတာ ကြောင့် ဒေသခံတွေကြား ဝေဖန်မှုတွေ များစွာမြင့်တက်ခဲ့ပြီး ကတ်စနစ် မပြောင်းလိုတဲ့ ရပ်ကွက်နေသူတွေဟာ အိမ်တိုင်ရာရောက် ကတ်လာပြောင်းထည့်ပေးတဲ့ တရုတ်လျှပ်စစ်မီး ဝန်ထမ်းတွေကို ဓားနဲ့လိုက်လံခုတ်တဲ့ထိ ၂၀၂၂ ခုနှစ်မှာ ဖြစ်ခဲ့ပါတယ်။

တရုတ်လျှပ်စစ်မီးဟာ မီးအားကောင်းသလို မီတာခကို တရုတ်ယွမ်ငွေနဲ့ အဓိကတွက်ပြီး ပေးဆောင်ရတာကြောင့် မီတာခဈေးကြီးပြီး ယခင်က လျှပ်စစ်ရုံးဝန်ထမ်းတွေကိုယ်တိုင် မီတာခ လာရောက်ကောက်ယူပေမယ့် ကတ်စနစ်ပြောင်းပြီးတဲ့နောက် ကတ်ကုန်သွားပါက မီးအလို အလျောက်ပျက်ပြီး ဒေသခံတွေကိုယ်တိုင် တရုတ်လျှပ်စစ်ရုံးကို မီတာခသွားဆောင်ရတာ ဖြစ်ပါတယ်။ 

ကတ်ကိုတေ့ာ မိမိစိတ်တိုင်းကျ တကြိမ်ကို တရုတ်ယွမ် ၅၀ မြန်မာငွေ ၂၀၀၀၀ ကျော် ဒါမှမဟုတ် တရုတ်ယွမ် ၁၀၀ မြန်မာ‌ငွေ ၄‌‌၀၀၀၀ ကျော် ထည့်နိုင်ပြီး ယွမ် ၅၀ ကို ၇ ရက် ဝန်းကျင်သုံးစွဲရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာတနိုင်ငံလုံးက လျှပ်စစ်မီးကို အလှည့်ကျခွဲဝေသုံးစွဲရပေမယ့် ဟိုပန်မြို့မှာတေ့ာ ဓာတ်အားစက်ရုံကို ပြင်တဲ့အချိန်ကလွဲလို့ လျှပ်စစ်မီး ပြတ်တောက်တာမျိုး မရှိခဲ့ဘဲ ၂၄ နာရီလုံး လျှပ်စစ်မီး ရရှိနေတာပဲ ဖြစ်ပါတယ်။

တရုတ်လျှပ်စစ်မီးကို ပုံမှန်ရရှိနေတာကြောင့် ဒေသခံတွေအတွက် အသက်မွေးဝမ်း‌ကြောင်း အတွက် လုပ်ကိုင်စားသောက်ဖို့ များစွာအထောက်အပံ့ ဖြစ်ပါတယ်။

လက်ရှိ ဟိုပန်မြို့မှာ တရုတ်လျှပ်စစ်မီးကိုသာ အသုံးပြုကြပြီး တရုတ်လျှပ်စစ်မီးကို ‘ဝ’ ပြည် နမ့်တစ်အခြေစိုက် ဓာတ်အားရုံမှ ဆွဲယူသုံးစွဲထားပြီး ဟိုပန်မြို့နေ တရုတ်လူမျိုး ဦးကွမ်တုံက ကန်ထရိုက်ယူကာ ဒေသခံတွေကို ကတ်စနစ်နဲ့ ပြန်ပြီးဖြန့်‌ဝေပေးနေတာ ဖြစ်ပါတယ်။

ဟိုပန်မြို့နေ ဒေသခံတွေဟာ တရုတ်လျှပ်စစ်မီးကို ၂၀၀၁ ခုနှစ်ကစပြီး အသုံးပြုလာကြတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024