မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့မှာ စစ်ကောင်စီတပ်နဲ့ တိုင်းဦးစီးအဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ လောင်းကစားရုံ ၂ ခုဟာ တိုက်ပွဲတွေကြောင့် ခဏပိတ်ထားခဲ့ပြီး အခုရက်ပိုင်းမှာ ပြန်ဖွင့်လှစ်နေတယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။
မြို့ခံတဦးက “ကိုးကန့်မှာ ကျားဖျန်လောင်းကစားတွေကို ဖမ်းတော့ ကိုးကန့်နဲ့ နယ်မြေချင်း ထိနေတဲ့ “၀”တိုင်း ဟိုပန်မြို့က လောင်းကစားရုံတွေလည်း ရိုက်ခတ်မှုရှိတယ်။ ကိုးကန့်ဘက်မှာ တိုက်ပွဲဖြစ်တော့ ဟိုပန်မှာ စစ်တပ်က အင်အားတိုးမြင့်တယ်။ နှစ်ဖက် တိုက်ခိုက်တာတွေ ရှိလာတယ်။ အဲဒီတော့ ဌာနဆိုင်ရာတွေအကုန်ပြေးကြတယ်။ ပြည်သူတွေလည်း ရှောင်ကြတယ်ပေါ့။ အခု ဟိုပန်မှာ တိုက်ခိုက်သံငြိမ်နေတော့ စစ်တပ်နဲ့ တိုင်းဦးစီးအဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်ထားတဲ့ လောင်းကစားတွေ ပြန်ဖွင့်လာတယ်” လို့ ပြောပါတယ်။
အရင်က တည်ငြိမ်အေးချမ်းခဲ့တဲ့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့ဟာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ “ဝ” ဦးစီးအဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်တဲ့ လောင်းကစားရုံတွေ ထွက်ရှိလာပြီး မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်မှုတွေလည်း များပြားလာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မျက်မြင် မြို့ခံတဦးက “ဟိုပန်မြို့က အခု ပျက်စီးနေပြီ။ စစ်တပ်အာဏာသိမ်းပြီးမှာ လောင်းကစားရုံတွေ ရှိလာတယ်။ မူးယစ်ဆေးဝါးလည်း ပေါမှပေါပဲ။ သူခိုးတွေလည်း ပေါလာတယ်။ ကျုံးရင်ကောကျီး ဆိုတဲ့ ဖဲရုံမှာ တိုင်းဥက္ကဋ္ဌက ယောင်လည်ယောင်လည်နဲ့ ဖဲရုံမှာရှိနေတယ်”လို့ ပြောပါတယ်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်ကို၊ ဟိုပန်၊ မိုင်းမော၊ ပန်ဆန်း၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း စတဲ့ ၆ မြို့နယ်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီအထဲက ဟိုပန်နဲ့ မက်မန်းမြို့နယ် ၂ ခုသာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားရှိပြီး ကျန်တဲ့ ၄ မြို့နယ်ကတော့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က ထိန်းချုပ်ထားပါတယ်။