ကရင်ပြည်နယ်၊ မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အနီးနားတဝိုက်မှာ ဧပြီ ၂၁ ရက် မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီက မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။
စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တွေက နယ်မြေလုံခြုံရေးရယူထားတဲ့ KNLA တော်လှန်ရေးတပ်ပေါင်းစုတွေရှိရာ နေရာတွေကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ပြီး လေကြောင်းကနေပါ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်နေတာပါ။
စစ်မြေပြင်သတင်းရင်းမြစ်က “မနက်တည်းက လက်နက်ကြီး အဆက်မပြတ်ပစ်နေတယ်။ နေ့လယ် ၁၂ နာရီလောက်ကစပြီး လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချတယ်။ ၁၀ လုံး မကတော့ဘူး။ လက်ရှိ ထိခိုက်မှုအခြေအနေတွေတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဧပြီလ ဒုတိယပတ်ကစတင်ပြီး မြဝတီမြို့အပြင်ဘက်မှာ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLA တော်လှန်ရေးတပ်ပေါင်းစုတွေကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံပြည်သူ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။