Home
မြန်မာသတင်း
ထားဝယ်တွင် ရဲတပ်ဖွဲ့ဝင်မိသားစု လိုက်ပါလာသည့်ကား ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး
DVB
·
April 21, 2023
341628183_1787428601653058_6037448793320682550_n

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ဘက်ကနေ မေတ္တာဘက်ကို ကျောက်မဲတောင်နယ်မြေရဲစခန်းက ဒုရဲအုပ်သက်ဇော်ထွန်းရဲ့ မိသားစုလိုက်ပါလာတဲ့ ဟွန်ဒါဖစ်အမျိုးအစားယာဉ်တစီး ဧပြီ ၁၉ ရက် မနက်က သရက်ငုတ်ရွာအနီးမှာ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ ယာဉ်မောင်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယာဉ်ပေါ်မှာ ဒုရဲအုပ်ရဲ့ အမေဖြစ်သူ ဒေါ်ခင်ပြုံးမြင့်၊ သမီးဖြစ်သူ မသဲနုရွှေစင်၊ ကိုချစ်ကိုနဲ့ ယာဉ်မောင်း ကိုထွန်းမောင်တို့ ၄ ဦး လိုက်ပါလာတာလို့ ဆိုပါတယ်။

အခုပစ်ခတ်မှုကို ထားဝယ်ဥသြစစ်ကြောင်းမှာ ပါဝင်တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြုပါတယ်။

ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက “ပကာရီဘက်ကနေ ထွက်လာကတည်းက သတင်းရပါတယ်။ စစ်ဆေးရေးဂိတ်ရောက်တော့ ကားလမ်းဘေးချခိုင်းတာ ဝင်ရပ်သလိုလုပ်ပြီး မောင်းပြေးတော့ ပထမတချက် လှန့်ပစ် ပစ်တယ်။ မရပ်တော့ လမ်းကင်းတွေက ဆက်ပစ်ကြတာပါ။ ပွဲချင်းပြီးသွားတာက ဒုရဲအုပ်သမီးနဲ့ ချစ်ကို ဆိုတဲ့လူ။ ဒုရဲအုပ်အမေကတော့ ဆေးကုပေးသေးတယ်၊ ဒါပေမဲ့ မရတော့ဘူး သေသွားတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်။ ၂၀ ရက်နေ့က ဒီအနီးတဝိုက်မှာ ပြန်ဖမ်းမိသွားတယ်။ ချုပ်ထားတုန်း ရဲဘော်တွေကို ပြန်ခုခံလို့ ပစ်လိုက်တာ သူလည်းသေသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းတွေကိုတော့ ကျောက်မဲတောင်ရွာ နာရေးကူညီမှုအသင်းကားနဲ့ ကျောက်မဲတောင်ရွာကို ပြန်သယ်ဆောင်သွားပြီလို့ သိရပါတယ်။

ထားဝယ်မြို့နယ် ဥသြစစ်ကြောင်းက ထားဝယ်-ထီးခီးလမ်းပိုင်း အပါအဝင် လမ်းပိုင်း ၃ ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စစ်ဆေးတာကို ကြည်ဖြူစွာ ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုတဲ့အချက်အပါအဝင် အချက် ၅ ချက် ပါဝင်တဲ့ လမ်းပိုင်းအသုံးပြုသူတွေအတွက် သတိပေးချက်တခုကို မတ် ၂၉ ရက်က ထုတ်ပြန်ထားပါတယ်။

ထားဝယ် ဥသြစစ်ကြောင်းဟာ ထားဝယ် ပကဖ ၅ ဖွဲ့နဲ့ PDF တပ်ရင်းတခု ပူးပေါင်းထားတဲ့ ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး ထားဝယ်-ထီးခီးလမ်းပိုင်း အပါအဝင် ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပါတယ်။

ထားဝယ်-ထီးခီးလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေရှိသလို နယ်မြေရဲစခန်းတွေလည်း မကြာခဏ တိုက်ခိုက်ခံရလေ့ ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024