ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းမှာ ဧပြီ ၂၀ ရက် ည ၇ နာရီခွဲက ပစ်ခတ်မှုဖြစ်ပြီး ကွမ်းယာရောင်းတဲ့ အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောင်ချမ်းသာရပ်ကွက် ကျိုက်ခေါက်ဘုရားလမ်းက "ကျော်ထက်" ကွမ်းယာဆိုင်မှာ ကွမ်းရောင်းနေတဲ့ အမျိုးသားတယောက်ကို ကွမ်းယာဝယ်ချင်ဟန်ဆောင်ပြီး တခြားအမျိုးသား တယောက်က လာပစ်သွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"ဆိုင်ကယ်နဲ့ကွမ်းဝယ်ချင်ဟန်ဆောင်ပြီး သေနတ်နဲ့ဆက်တိုက်ပစ်သွားတာ ပွဲချင်းပြီးပဲ ဘာကြောင့် ပစ်သွားလဲသေချာတော့မသိဘူး ရဲတွေရော စစ်သားတွေရော လာပြီးစစ်နေတယ်"
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာနေ အသက် ၃၇ နှစ်အရွယ်ရှိ ဦးထွန်းဦးကျော်ဖြစ်ပြီး ကွမ်းယာရောင်းချသူတစ်ဦးဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
"သန်လျင်အုပ်ချုပ်ရေးကလည်း ခဏခဏပစ်ခတ်မှုဖြစ်နေတော့ လူတွေပြောင်းဖို့တောင်ရှိတယ်။ ခလရ ၅၄ က တပ်ရင်းမှူး ပစ်ခံရတာတောင် နှစ်ရက်ပဲရှိသေးတယ်။ ထပ်ဖြစ်တယ်ဆိုတော့ စစ်တပ်က အရာရှိတွေ ထုချေလွှာတင်နေရတယ်။"
ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့အမျိုးသားကို စစ်ကောင်စီတပ်နဲ့ ရဲတွေက သန်လျင်မြို့နယ်ဆေးရုံ ကို ပို့ဆောင်ကာ အောင်ချမ်းသာရပ်ကွက်နဲ့ ကျိုက်ခေါက်ဘုရားလမ်းကို ပိတ်ဆို့စစ်ဆေးနေ ပါတယ်။