ပုသိမ်ကြီးမြို့နယ် မြကန်သာစျေးမှာ စျေးဝယ်ထွက်လာတဲ့ အရာခံဗိုလ်အပါအဝင် ၃ ဦး ဒီနေ့မနက် ၇ နာရီခွဲက ပစ်ခတ်ခံရတာကြောင့် အရာခံဗိုလ်သေဆုံးပြီး တပ်ကြပ်ကြီး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြကန်သာကျေးရွာအုပ်ချုပ်ရေးမှုးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ အရာခံဗိုလ်အပါအဝင် ၃ ဦးမှာ ဒီနေ့ မနက်က မြကန်သာစျေးမှာ စျေးထွက်ဝယ်ရင်း ပစ်ခတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။
"စျေးထဲကို သေနတ်တွေကိုင်ပြီး စျေးလာဝယ်တဲ့အချိန် Light truck ကားပေါ်ကနေ ပစ်သွားတာ။ အရာခံဗိုလ်သေတယ်၊ တပ်ကြပ်ကြီး ဒဏ်ရာရတယ်" လို့ ပြောတယ်။
သေဆုံးသူ အရာခံဗိုလ်အောင်မြင့်နဲ့ ဒဏ်ရာရရှိသူတပ်ကြပ်ကြီး သိန်းထူးတို့မှာ အမှတ် ၇၆ ခြေလျင်တပ်ရင်းမှဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကို နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဆိုပါပစ်ခတ်မှုမှာ ပစ်ခတ်သူတွေဟာ Light truck ကားပေါ်မှာ သင်္ကန်းများဝတ်ဆင်ပြီး ပစ်ခတ်ခဲ့တာလို့ စစ်ကောင်စီဘက်က ပြောပါတယ်။
လက်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ် မြို့ဝင်ဂိတ်တွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။