မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံပစ်ခတ်ပြီး ၈ တန်းကျောင်းသားတယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့ကာ ဒေသခံပြည်သူ ၃၀ ကျော်လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြတယ်လို့ မြိုင် ပကဖ ကနေ သိရပါတယ်။
မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို ဒီနေ့ ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးနဲ့ လေကြောင်းကနေ ထပ်မံပစ်ခတ်ပြီး ၈ တန်းကျောင်းသားလေးတယောက်ကို ပစ်သတ်ကာ ပြည်သူ ၃၀ ကျော်လောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားကြတယ်လို့ မြိုင်မြို့နယ် မြောက်ပိုင်းဇုန် ပကဖ တာဝန်ခံ ဗိုလ်Cross က ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ဆေးရုံအနောက်ဘက်က နေအိမ် ၅ လုံးလောက်ကို မီးရှို့ဖျက်ဆီးကာ ဒက်ဘယ်ကပ် ကားတစီးနဲ့ လိုက်ထရပ် ကားတစီးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီဘက်က ဒီနေ့ လေကြောင်းကနေ ပစ်ခတ်တာက လမ်းကြောင်းရှင်းတဲ့သဘော ဖြစ်နိုင်တယ်ဗျ။ ဓားစာခံတွေကို ဖမ်းပြီး မန်ကျည်းကန်ရွာကနေ ကန်နီဘက်ကို ထွက်သွားပြီးတဲ့နောက်ပိုင်း ကျနော်တို့တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြတော့ အသက် ၁၄ နှစ်လောက်ရှိတဲ့ ၈ တန်းကျောင်းသား မောင်ဖြိုးထက်မောင် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်” လို့ ဗိုလ် Cross က ပြောပါတယ်။
မန်ကျည်းကန်ဆေးရုံကို ဧပြီ ၁၈ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကာ ဆေးရုံပင်မအဆောက်အဦက ပစ္စည်းတွေထားတဲ့ ဓာတ်မှန်ခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်၊ ညောင်ရွာနားက ကာကွယ်ရေးစခန်းခွဲတခုကိုလည်း ဧပြီ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ကာ Mi17 ၂ စီးနဲ့ ဝင်ရောက်စီးနင်းပြီး ကာကွယ်ရေးစခန်းနဲ့ ကား ၂ စီးကို မီးရှို့ဖျက်ဆီးကာ ငွေကျပ်သိန်း ၁၀၀ ကို ယူဆောင်သွားတယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ အထိနာနေတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။