မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဈေး၊ စက်မှုရဲစခန်းအနီး ၆၂ လမ်းမကြီးပေါ်က ထိပ်တန်းရွှေဆိုင် ဧပြီ ၁၉ ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းနဲ့ ငွေကျပ် သိန်း၂၀၀ ကျော် လုယက်ယူဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်၊ ဇ ရပ်ကွက်၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြား၊ ၆၂ လမ်းမကြီးပေါ်ရှိ ထိပ်တန်းရွှေဆိုင်ကို လက်နက်ကိုင် လူလေးယောက်က သေနတ်ပြ လုယက်ခဲ့ပြီး သိန်းထောင်ချီ ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။
ထိပ်တန်းရွှေဆိုင်အနီးမှာ ဈေးရောင်းချသူတဦးက “သုံးနာရီမထိုးခင် ဆိုင်ကယ်နှစ်စီး လူလေးယောက် ဆိုင်ကယ်ဦးထုပ်တွေလည်း ဆောင်းထားတယ်။ ဆိုင်ထဲမှာလည်း လူတွေအများကြီးရှိတယ်။ သူတို့မှာက သေနတ်တွေနဲ့ဆိုတော့ ဘယ်သူမှလည်း အော်ဟစ် အကူအညီ မတောင်းရဲကြဘူး။ သူတို့ထွက်သွားမှ ရဲစခန်းဘက် လှမ်းအော်ပြီး အကူအညီတောင်းရတာ” လို့ ဒီဗီဘီကို ပြောပါတယ်။
လက်နက်ကိုင်ဆောင်ထားသူတွေက ကောင်တာအတွင်းရှိ ရွှေထည်တွေနဲ့ ဒီနေ့ရောင်းချထားတဲ့ ငွေကျပ် သိန်း ၂၀၀ ကျော် ယူဆောင်သွားတဲ့အတွက် စုစုပေါင်းတန်ဖိုး သိန်း ၁,၀၀၀ ကျော် လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဓားပြတိုက် လုယက်ခံရတဲ့ ရွှေဆိုင်အနီး ရဲစခန်းက လုယက်ခံရပြီး မကြာခင် ရောက်ရှိလာပြီး ဆိုင်အတွင်းရှိ ဝန်ထမ်းတွေနဲ့ ဘေးပတ်ဝန်းကျင်မှ ဈေးရောင်းချသူတွေကို စစ်ဆေးနေပြီး CCTV မှတ်တမ်းတွေလည်း စစ်ဆေးနေတယ်လို့ အဲ့ဒီရပ်ကွက်အတွင်း နေထိုင်သူတွေထံက သိရပါတယ်။
မန္တလေးမြို့အတွင်း မကြာခဏဆိုသလို ဓားပြတိုက်မှုတွေ ဖြစ်ပွားနေပြီး မတ်လ ၂၇ ရက်ကလည်း စိန်ကျော်မိုးရွှေဆိုင် ဓားပြတိုက်ခံရပြီး တရားခံနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။