တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ တပ်သားတွေနဲ့ ဂိတ်စခန်းတွေကို ဧပြီ ၁၃၊ ၁၄ နဲ့ ၁၈ ရက်နေ့တွေမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဧပြီ ၁၈ ရက်နေ့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပုလောမြို့၊ အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှု မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက် နေ့လယ်မှာ နန်းတောင်ဂိတ်စခန်းနဲ့ ပုလောတံတားဂိတ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဒရုန်းနဲ့ ဗုံး ၂ လုံးချကာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၁၄ ရက်ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိပြီး အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဝေးရာမှာနေကြဖို့နဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းတွေနောက်မှာ ကပ်မလိုက်ကြဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး မေတ္တာရပ်ခံထားပါတယ်။