ထိုင်း-မြန်မာနယ်စပ်၊ မြဝတီတဖက်ကမ်း မဲဆောက်မြို့မှာ ခြံစောင့်မြန်မာအလုပ်သမား တယောက်ကို မြန်မာရွှေ့ပြောင်းလုပ်သား ၂ ယောက်က သေနတ်နဲ့ ပစ်သတ်ခဲ့လို့ ထိုင်းရဲက သံသယရှိတဲ့ တရားခံတွေကို နေ့တွင်းချင်း ရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။
ဧပြီ ၁၇ ရက် မနက် အစောပိုင်းက ဘန်ဂလိုအစောင့် အသက် ၄၂ နှစ်အရွယ် ကိုအေးမင်းသန့်ကို မြန်မာရွှေ့ပြောင်းလုပ်သား ၂ ယောက်က သေနတ်အတိုနဲ့ ပစ်သတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတာကို စီစီတီဗွီမှာ မြင်တွေ့ရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး မဲဆောက်မြို့ ရဲမှူးကြီးမွန်းစပ် ကယောက်အွန်ရဲ့ ညွှန်ကြားချက်နဲ့ တရားခံတွေရဲ့အိမ်ကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေပုံစံနဲ့ သွားရောက်စစ်ဆေးရာ မတွေ့ရှိလို့ ဖုန်းခြေရာခံ နည်းပညာနဲ့ ဆက်လက်ရှာဖွေရာမှာ မဲဆောက်မြို့တနေရာမှာ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူရဲ့ ပုန်းအောင်းနေတဲ့နေရာကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဘာကြောင့် ပစ်သတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘဲ ဖမ်းမိထားသူကိုတော့ မဲဆောက်မြို့မရဲစခန်းမှာ စစ်ဆေးအမှုဖွင့်ကာ တရားဥပဒေအတိုင်းရဲတပ်ဖွဲ့က ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။