Home
ဆောင်းပါး
ချောင်းသာဈေးကပြောတဲ့ ကြက်တူရွေးငါးများ ဖမ်းဆီးခြင်းရဲ့ ဂေဟစနစ်အတွက် အန္တရာယ်များ
DVB
·
April 16, 2023
340077375_1787795741616846_8575454156479547905_n
chaung-tar
330300896_990490768613154_4408738722745329722_n

ချောင်းသာကမ်းခြေဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားကဏ္ဍအတွက် အရေးပါတဲ့ ကမ်းခြေတစ်ခု ဖြစ်ပြီး သန္တာကျောက်တန်းများ အပါအဝင် ကွဲပြားစုံလင်တဲ့ ပင်လယ်ရေနေသတ္တဝါများရဲ့ ဂေဟစနစ်များ ပါရှိတဲ့ မြန်မာနိုင်ငံက လှပတဲ့ကမ်းခြေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ အာဏာသိမ်းခြင်းနဲ့ ကိုဗစ်ကမ္ဘာ့ကပ်ဘေးကြောင့် ဒေသခံငါးလုပ်ငန်း လုပ်ကိုင်သူတွေအပေါ်မှာ စီးပွားရေးကျဆင်းမှုနဲ့ အလုပ်ကိုင်ရှားပါးမှုစတဲ့ သက်ရောက်မှုတွေ ရှိသလို တန်ဖိုးကြီးတဲ့ သန္တာကျောက်တန်းရဲ့ ဂေဟစနစ်ကို အပြန်အလှန် ထောက်ပံ့ပေးနေတဲ့ ကြက်တူရွေးငါးတွေအပေါ်မှာလည်း အလွန်အကျူး ငါးဖမ်းခြင်းကြောင့် ဇီဝမျိုးစုံ မျိုးကွဲများ ပြုန်းတီးမှုဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

သန္တာကျောက်တန်းများကြားမှာ နေထိုင်တဲ့ (Parrot fish) ကြက်တူရွေးငါးဟာ အဆိုပါ သန္တာကျောက်တန်းတွေရဲ့  ဖွံ့ဖြိုးတိုးပွားမှုနဲ့ သက်တမ်းရှည်ကြာအောင် ထိန်းသိမ်းရာမှာ အရေးပါတဲ့ သက်ရှိမျိုးစိတ်တစ်ခု ဖြစ်တဲ့အပြင်  ၎င်းတို့ဟာ သန္တာကျောက်တန်းတွေကို လွှမ်းမိုးကြီးထွားသွားနိုင်တဲ့ ရေညှိတွေကို ကျက်စားတာကြောင့် သန္တာကျောက်တန်းရပ်ဝန်းနဲ့ ဂေဟစနစ်ကို ကာကွယ်ပြီးသားဖြစ်သလို သန္တာကောင်တွေကို လွတ်လပ်စွာ ရှင်သန်ကြီးထွားစေပါတယ်။ နောက်ပြီး အထူးသတိပြုရမယ့် အချက်တစ်ခုအနေနဲ့ ဒီသန္တာကျောက်တန်းတွေကို အပြန်အလှန် ထောက်ပံ့ကူညီနေတဲ့ ကြက်တူရွေးငါးမျိုးစိတ်ဟာ တကမ္ဘာလုံးမှာ ရှားပါးပြီး မျိုးပြုန်းဖို့ အလွန်အန္တရာယ်များနေတဲ့အတွက် အထူးအားဖြင့် ထိန်းသိမ်းရမယ့် မျိုးစိတ်တစ်ခုအနေနဲ့ ခွဲခြားသတ်မှတ်ခြင်း ခံထားရတယ်ဆိုတဲ့ အချက်ပါပဲ။

ဒီလို ကြက်တူရွေးငါးတွေကို ချောင်းသာမြို့က ပင်လယ်စာစျေးထဲမှာ အလွယ်တကူ ရောင်းဝယ်ဖောက်ကားနေတာဖြစ်ပြီး ဒေသခံတွေအဆိုရ ဒီငါးတွေကို ကိုဗစ်ကာလနှောင်းပိုင်းကစလို့ အလွန်အကျူး ဖမ်းဆီးရောင်းဝယ်လာကြတာလို့ သိရပါတယ်။ ၂၀၂၂ ကိုဗစ်ကမ္ဘာ့ကပ်နှောင်းပိုင်းနဲ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှာ ချောင်းသာ ခရီးသွားတွေ ဝင်ရောက်မှု ထပ်မံများပြားလာပြီး အပျော်တမ်း ကမ်းဦးပိုင်း ငါးမျှားမှုနဲ့ ပင်လယ်စာအဖြစ် ဝယ်မှု စားသုံးမှုများကြောင့် ဒေသခံငါးလုပ်ငန်းလုပ်ကိုင်သူများအနေနဲ့ ဖမ်းဆီးပြီး တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကားလာကြတာပါ။ 

“ငါးတွေက လှတော့ တချို့ အရှင်မွေးချင်တဲ့ ဝယ်သူ ရှိတယ်။ တချို့ကျတော့ စားဖို့ဝယ်တာပေါ့။ ဖမ်းတာတော့ အရင်ကတည်းက ဖမ်းတာပဲ။ ဒါပေမဲ့ ကြက်တူရွေးငါးတွေကို အရင်က အခုလောက် စီးပွားဖြစ် မဖမ်းကြဘူး။ အခုတော့ စျေးထဲက အသည်တိုင်းလိုလို ရောင်းကြတယ်” လို့ ဒေသခံတစ်ဦးက DVB ကို ဖြေကြားပါတယ်။

ကြက်တူရွေးငါးများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ အဆိုပါငါးများ ရှင်သန်မှုအတွက် သာမကပဲ ချောင်းသာကမ်းခြေမှာရှိတဲ့ သန္တာကျောက်တန်းများရဲ့ ရေရှည်တည်တံ့မှုအတွက်ပါ မရှိမဖြစ် လိုအပ်နေပါတယ်။ သန္တာကျောက်တန်းတွေဟာ ပင်လယ်ရေက ကမ်းရိုးတန်းကို တိုက်စားမှုကနေ ကာကွယ်ပေးထားတဲ့ သဘာဝအတားအဆီးတစ်ခုဖြစ်ပြီး ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ ကမ်းရိုးတန်းဒေသနဲ့ ယင်းအပေါ် မှီခိုနေရတဲ့ ပြည်သူများရဲ့ အသက်မွေးဝမ်းကျောင်းကို ကာကွယ်ခြင်းဖြစ်တဲ့အတွက် အရေးယူထိန်းသိမ်းရမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမျိုးသားသယံဇာတကိစ္စတရပ် ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံလို ရေသယံဇာတကြွယ်ဝတဲ့နိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကံမကောင်းစွာနဲ့ ကြက်တူရွေးငါးများ အပါအဝင် အခြားထိန်းသိမ်းရမယ့် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ရေသတ္တဝါတွေကို ထိတ်လန့်ဖွယ်ရာနှုန်းထားနဲ့ ဖမ်းဆီးနေကြပါတယ်။  ငါးဖမ်းသင်္ဘောကြီးများ၊ ခေတ်မီငါးဖမ်းကိရိယာများနဲ့ အလွန်အကျွံ အမြတ်ထုတ် ဖမ်းယူမှုများကြောင့် ပင်လယ်ကြမ်းပြင်ကို ရေအောက်သဲကန္တာရအဖြစ်သို့ ပြောင်းလဲသွားစေပြီး ကျက်စားနေထိုင်တဲ့ ပင်လယ်ရေနေ မျိုးစိတ်တွေဟာ အလိုအလျောက် ပျောက်ကွယ်သွားကြရပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)ရဲ့ အဆိုအရ ကမ္ဘာ့ရေပြင်ရှိ ငါးများရဲ့ ၈၀ ရာခိုင်နှုန်းဟာ အလွန်အကျွံ ထုတ်ယူသုံးစွဲမှုကြောင့် တဖြည်းဖြည်း ကုန်ခန်းသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စွန့်ပစ်ပစ္စည်းများကြောင့် ညစ်ညမ်းမှုများ ဖြစ်ပေါ်နေပြီး အဏ္ဏဝါသက်ရှိများနဲ့ သန္တာကျောက်တန်းများကို ထိခိုက်စေတဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာပါတယ်။ ဒီညစ်ညမ်းမှုများကြောင့် သန္တာကျောက်တန်းကို မှီခိုနေထိုင်တဲ့ သက်ရှိများကို ညစ်ညမ်းစေပြီး အဆိုပါ ညစ်ညမ်းသောရေနေ ငါးတွေနဲ့ ပင်လယ်စာ စားသုံးခြင်းဟာ ဆိုးရွားသော ကျန်းမာရေးအန္တရာယ်တွေ ဖြစ်စေနိုင်တဲ့အတွက် ဂေဟစနစ် ယိုယွင်းခြင်းဟာ အစာကွင်းဆက်ကို သက်ရောက်မှုများစွာ ရှိတယ်ဆိုတာကို နားလည်သဘောပေါက်သင့်တာ ဖြစ်ပါတယ်။

“ကြက်တူရွေးငါးနဲ့ ငါးလိပ်ကျောက်တွေရယ် တခြားမျိုးစိတ်တွေထဲက မျိုးသုဉ်းခါနီး အကောင်တွေ တော်တော်များများ အရောင်းအဝယ် လိုက်နေတယ်။ ကြက်တူရွေးငါးထက် ငါးလိပ်ကျောက်က ပိုရောင်းဝယ်ကြတယ်။ အကောင်ပေါက်တွေကအစ အကုန်ဖမ်းကြတာ။ နောက်ဆို ရင်လေးစရာပဲ။ တော်တော်ရှားလာတော့မယ်” လို့ ရေလုပ်သားတစ်ဦးက ပြောပါတယ်။

ငါးလုပ်ငန်းလုပ်ကိုင်သူ အများစုဟာ တပိုင်တနိုင် စီးပွားရေးလုပ်ကိုင်သူတွေ ဖြစ်ပြီး အသေးစား၊ အလတ်စား လုပ်ကိုင်သူတွေဆီကို တဆင့်ရောင်းချ အသက်မွေးနေကြတာပဲ ဖြစ်ပါတယ်။ ချောင်းသာဒေသက ဖမ်းဆီးရမိတဲ့ ငါးနဲ့ အခြားထွက်ကုန်တွေကို တနိုင်ငံလုံးကို တင်ပို့နေပြီး ယခင် စစ်အာဏာမသိမ်းမီ ကာလနဲ့ယှဥ်ရင် ပြည်တွင်း၊ ပြည်ပ တင်ပို့မှုနှုန်း ကျသွားတယ်လို့ သိရပါတယ်။ 

ကချင်ပြည်နယ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး တတ်ကြွလှုပ်ရှားသူ ကိုဟန်နွမ်က “အခုဖြစ်စဥ်ကို ခြုံငုံသုံးသပ်ရရင် အစိုးရနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ ပူးပေါင်းဆောက်ရွက်ဖို့ လိုတာတွေကို တွေ့ရတာပေါ့နော်။ အရပ်သားတွေကို ဘယ်ငါး ဖမ်းရမယ်၊ ဘယ်ငါးကို မဖမ်းရဘူး တားမြစ်တာထက် သူတို့ကိုယ်တိုင် ဒီဂေဟစနစ်နဲ့ အစာကွင်းဆက် ထိန်းသိမ်းတဲ့ အရေးမှာ ပါဝင်နေအောင် ပညာပေးလုပ်ငန်းတွေကို နည်းအမျိုးမျိုးနဲ့ ဖိဖိစီးစီးလုပ်ဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံရဲ့ Eco-tourism ကဏ္ဍကို မြင့်တင်ဖို့ဆိုရင် အစိုးရအနေနဲ့ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ အသစ်ရေးဆွဲဖို့ ပြင်ဆင် သတ်မှတ်ဖို့မှာ အရပ်ဘက် တက်ကြွတဲ့ အဖွဲ့အစည်းတွေနဲ့ လိုသလို ပူးပေါင်းဆောင်ရွက်ဖို့လိုနေပြီ"လို့ ပြောပါတယ်။

အခုဖြစ်ပေါ်နေတဲ့ ကြက်တူရွေးငါးတွေနဲ့ တခြားသော မျိုးသုဉ်းလုနီးပါး အန္တရာယ်ရင်ဆိုင်ရတဲ့ ရေသတ္တဝါတွေကို အလျင်အမြန် ထိန်းသိမ်းပေးဖို့ ဒေသခံတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများက အလိုရှိနေကြပါတယ်။ 'ပင်လယ်ရေ ညစ်ညမ်းတာနဲ့ အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲတွေကို ချောင်းသာဒေသမှာ အရေးယူ ကာကွယ်ပေးပြီး ခရီးသွားကဏ္ဍကို မြင့်စေချင်တယ်။ ဒါမှ အလုပ်အကိုင် အခွင့်လမ်းတွေ များလာမှာ” လို့ ဒေသခံကျောင်းသားတစ်ဦးက ပြောပါတယ်။ 

လက်ရှိ ချောင်းသာကမ်းခြေအပါဝင် မြန်မာ့ကမ်းရိုးတန်းများမှာ ကြက်တူရွေးငါးဖမ်းခြင်းဆိုင်ရာ စည်းမျဉ်းတွေ ပြဋ္ဌာန်းခြင်း၊ ရေထုညစ်ညမ်းမှု လျှော့ချခြင်းနဲ့ ရေရှည်တည်တံ့တဲ့ ငါးဖမ်းခြင်း အလေ့အကျင့်တွေကို မြှင့်တင်တာတွေကို ပညာပေးမှု၊ ကာကွယ်တားဆီးမှုတွေ လုပ်ဆောင်သင့်ပြီး အဏ္ဏဝါဂေဟစနစ်ရဲ့ ဟန်ချက်ညီမှုကို ထိန်းသိမ်းဖို့ လိုနေတာပဲ ဖြစ်ပါတယ်။


သီဟနိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024