တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာပြီးနောက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းရာမှာ စစ်ကောင်စီတပ်ရဲ့ သုံးစွဲပြီးတဲ့အပြင် ကျန်ရှိသေးတဲ့ လက်နက်ခဲယမ်းနဲ့ ယူနီဖောင်းတွေကို သိမ်းဆည်းရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်တုန်းက သဲဖြူကျေးရွာကို စစ်ကြောင်းထိုးလာပြီးယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲ ၁ဝ ရက်ကျော်အထိ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၁၂ ရက်နေ့က တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝ ကျော် သေဆုံးနိုင်ပြီး သဲဖြူကျေးရွာ ရှိခရစ်ယာန်ဘုရားကျောင်း နဲ့ လူနေအိမ်အချို့ကိုလည်း ဖျက်ဆီးသွားခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေရဲ့ အုပ်ချုပ်မှုနယ်မြေများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက်လာပါက ပြင်းထန်စွာ တုံ့ပြန်သွားမှာဖြစ်ပြီး တန်ပြန်စစ်ဆင်ရေးကိုပါ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါအပြင် တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ သတိပေးထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့နဲ့ စစ်ရေးသတိရှိကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။