စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည် ရဲဘော် ၁၀ ဦး ၂ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေက မုံရွာ- ယာကြီး - ကလေးဝ ကားလမ်း တနေရာမှာ ဧပြီ ၁၄ ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သင်္ကြန်အကြတ်နေ့က ကနီနယ် လှည်းဘီးတိုက်ပွဲမှာ ရဲဘော် ၇ ဦးနဲ့ နှစ်ဆန်း ၁ ရက်နေ့ ဆယ်ရွာချောင်တိုက်ပွဲမှာ ရဲဘောက် ၃ ဦး စုစုပေါင်း ၁၀ ဦးဟာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်တပ်တွေကို တူမီးလက်နက်ကိုင် ဆွဲတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တာဖြစ်ပါတယ်။
အောက်မေ့ဖွယ်အခမ်းအနားမှာ သွေးသစ္စာသီချင်းသံပြိုင်သီဆိုတာ၊ စစ်အာဏာရှင် ဆန့်ကျင် ကြွေးကြော်သံတွေ ကြွေးကြော် ဆန္ဒပြခြင်း ၊ သပိတ်ဦးဆောင်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးတရားတွေဟောပြောတာနဲ့ လွမ်းသူ့ပန်းခွေချတာတွေ ပြုလုပ်ခဲ့ကြကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။