စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က မြို့မိမြို့ဖ တဦးအပါအဝင် အမျိုးသားငါးဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၁ ရက်က စက်တောကျေးရွာ မင်္ဂလာဆောင်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
"စက်တော မင်္ဂလာဆောင် ခန်းမရှေ့မှာပဲ လာဖမ်းသွားတာ။ သေနတ်တွေနဲ့ ဘယ်အဖွဲ့အစည်းမှန်းလဲ မသိဘူး။ မင်္ဂလာဆောင် ခန်းမရှေ့မှာပဲ မြို့မိမြို့ဖကို လက်ပြန်ကြိုးတုတ်ပြီး ကားထဲထည့်ခေါ်သွားတယ်။ ကျန်တဲ့သူတွေကိုတော့ လက်ပြန်ကြိုးမတုတ်ဘူး။ ဘာကြောင့် ဖမ်းသွားတာလဲ ဆိုတာတော့ မသိရဘူးဗျာ့။"
အမည်မသိ လက်နက်ကိုင်အဖွဲ့က ဗန်းမောက် မြို့မိမြို့ဖ ဦးအောင်ရွှေထူး အပါအဝင် ဦးကျော်မြင့်၊ ဦးမြင့်နိုင်၊ ဦးမောင်ဦး နဲ့ အမျိုးသားလူငယ်တဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာမသိရဘဲ အဆက်အသွယ်မရသေးဘူးလို့လည်း ဆိုပါတယ်။
စက်တောကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကလည်း အထက်တန်းကျောင်းအုပ်ဆရာမတဦးနဲ့ ကျောင်းစာရေးမတဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့က လာရောက်ဖမ်းဆီးသွားပြီး မိသားစုတွေနဲ့ အခုအချိန်ထိ အဆက်အသွယ်မရသေးပါဘူး။