ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ မြနန္ဒာကန်နားက ပန်းခြံမှာ စစ်ကောင်စီတပ်က လုပ်ထားတဲ့ သင်္ကြန်မဏ္ဍပ်မှာ ဧပြီ ၁၁ ရက်နေ့ညက ဗုံးပေါက်ကွဲခဲ့ပြီးနောက် မဏ္ဍပ်ကိုပြန်ဖျက်သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မနှစ်က မဏ္ဍပ်က ကန်ဝင်းထဲမှာဆောက်တာ၊ ဒီနှစ်ကအပြင်ထောင့်မှာ ဆောက်ထားတာ။ EPC ရုံးနဲ့နီးတယ်၊ တမြို့လုံး အဲ့တခုပဲရှိသေးတယ်။ ဒီမနက်ထိ မဏ္ဍပ်ရှိသေးတယ်၊ နေ့လယ်ကျ မရှိတော့ဘူး၊ ဘာမှမရှိတော့ဘူး" လို့ မိုးမိတ်မြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ် လုပ်ထားတဲ့ သင်္ကြန်မဏ္ဍပ်မှာ ဧပြီ ၁၁ ရက်နေ့ညက ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီးနောက် ညပိုင်းမှာ ပြန်ပြုပြင်ခဲ့ကြပေမယ့် ဧပြီ ၁၂ ရက်နေ့မှာတော့ ပြန်ဖျက်သိမ်းသွားတယ်လို့ ပြောပါတယ်။
မိုးမိတ်မြို့ သင်္ကြန်မဏ္ဍပ်နားမှာ ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့သိရပြီး မဏ္ဍပ်ကို ဘယ်နေရာမှာ ပြောင်းရွှေ့ဆောက်မယ်ဆိုတာ မသိရသေးသလို ဘာကြောင့် ဖျက်လိုက်တယ်ဆိုတာကိုလည်း မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။