မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ၄ မိုင်ရွာနဲ့ ၆ မိုင်ရွာကြားမှာ စစ်ကောင်စီတပ်စစ်ကားနှစ်စီးကို ဧပြီ ၁၂ ရက် မနက် ၅ နာရီ ၁၀ မိနစ်မှာ တကြိမ်၊ နောင်လုံသံတံတားအနီးမှာ တကြိမ်၊ စုစုပေါင်းနှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့နယ်ပကဖက ပြောပါတယ်။
"ပထမတကြိမ်က ကားနောက်ပိုင်းကိုထိတော့ သူတို့ပြန်ပစ်ပြီး ဆက်မောင်းသွားတယ်။ ဒုတိယအဆိုင်းက ဒဲ့ထိပါတယ်၊ ၁၅ ယောက်သေတယ်၊ ၅ ယောက်ကတော့ ခြေပြတ်လက်ပြတ်ပါ” လို့ တကောင်းမြို့နယ်ပကဖသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၁၂ ဘီးကားနှစ်စီးကို နှစ်ကြိမ် မိုင်း ၆ လုံး အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးတဲ့စစ်သားတွေကို တကောင်းမြို့တွင်းကနေ နာရေးကားသုံးစီးနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
မိုင်းထိမှန်ပျက်စီးသွားတဲ့ကားကို စစ်ကောင်စီတပ်စစ်သားတွေက ညောင်ကုန်းရွာထဲမှာနားပြီးနောက် ကားကိုကြိုးနဲ့ ဆွဲသယ်သွားတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
တကောင်းမြို့အနီး ညောင်ကုန်းကျေးရွာမှာ မတ် ၂၈ ရက်နေ့ကလည်း စစ်သား ၆၀ ပါ စစ်ကြောင်းကို ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာခဲ့တယ်လို့ တကောင်းပကဖက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲ ၄၅ မိနစ်ကြာပြီးနောက် စစ်တပ်က ညောင်ကုန်းရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပိုက်ဆံ၊ ဖုန်း၊ အချိုရည်ဘူးတွေ၊ ခေါက်ဆွဲခြောက်နဲ့ အခြားဖိုးတန်းပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။