Home
မြန်မာသတင်း
နေပြည်တော်ကောင်စီနယ်မြေကျေးရွာများတွင် စစ်ကောင်စီတပ်က တပ်သားသစ် လိုက်လံ စုဆောင်းနေ
DVB
·
April 12, 2023
nay pyi
340768962_937519377282892_1962451410868701377_n

စစ်ကောင်စီ လက်အောက်ခံတပ်တွေဟာ နေပြည်တော်ကောင်စီနယ်မြေအတွင်းက ကျေးရွာတွေမှာ တစ်ရွာကို ယောကျ်ားလေး အနည်းဆုံး ၅ ယောက်နှုန်းနဲ့ လိုက်လံတောင်းခံ စစ်သားစုဆောင်း နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပျဉ်းမနားမြို့နယ်အတွင်း ကျေးရွာတစ်ရွာက အမျိုးသမီးတစ်ဦးက “ကျမတို့ရွာဆို အနီထောက်ခံတဲ့သူရှိလား။ ရှိရင်ငါးယောက်ရှာပေး၊ အစိမ်းထောက်ခံတဲ့သူဆိုလည်း ငါးယောက် အဲလို တောင်းတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဘယ်လို ပြောပြီးဖြေရှင်းတယ်တော့ မသိဘူး။ ရွာထဲက ယောကျ်ာသားတွေ ပါသွားတယ်လို့တော့ ခုထိ မကြားသေးဘူး”လို့ ပြောပါတယ်။

ဒါအပြင် လယ်ဝေးမြို့နယ်အတွင်းက ကျေးရွာတချို့မှာလည်း အခုလို စစ်ထဲလိုက်ဖို့ ကျေးရွာတစ်ရွာကို ၁၀ ယောက် ၊ အယောက် ၂၀ နှုန်းနဲ့ ပေးဖို့တောင်းတာတွေရှိတယ်လို့လည်း သိရပါတယ်။

လယ်ဝေးဒေသခံတဦးက “စစ်သားတွေ ရွာကို ပထမအကြိမ်လာတော့ ယောကျ်ားလေး  ၁၀ ဦးကို ပေါ်တာဆွဲမယ်၊ ရှာပေးထားလို့ ရွာအုပ်ချုပ်ရေးမှူးကို ပြောသွားတယ်၊ ဒုတိယအကြိမ် လာတော့ ယောကျ်ားလေး ၂၀ ပေါ်တာဆွဲမယ်လို့ ပြောတယ်။ အဲလိုပြောတော့ ရွာအုပ်ချုပ်ရေးမှူးက သူတို့တောင်းသလို ရှာပေးထုတ်ပေးရရင် အဆင်ပြေမှာ မဟုတ်ဘူး။ အဲတော့ ည ၉ နာရီကျော်လို့ ရွာထဲလမ်းထဲမှာ ယောက်ကျ်ားသားတွေ့ရင် ကြိုက်သလိုလုပ် ဆွဲသာသွားလို့ ပြောလိုက်တယ်လို့ သိရတယ်။ ခုဆို ရွာထဲမှာ ည ၉ နာရီမထိုးခင်ကတည်းက မီးတွေပိတ်ပြီး တိတ်ဆိတ်နေတာပဲ ဘယ်သူမှလည်း မထွက်ရဲဘူး။ ဒါတောင် လမ်းကြိုလမ်းကြားကနေ  ဆွဲဖို့ စောင့်နေသေးတာ “ လို့ ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ညမထွက်ရအမိန့်ကို ည ၁၂ နာရီအထိ သတ်မှတ်ထားပေမယ့် ပုဗ္ဗသီရိမြို့နယ်အ တွင်းက ရပ်ကွက်၊ ကျေးရွာအချို့မှာ ည ၉ နာရီကျော်ထွက်ရင် ဖမ်းဆီးပေါ်တာဆွဲတာတွေ လုပ်နေတယ်လို့ ဒေသခံတစ် ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ လစဉ်ရာနဲ့ချီသေဆုံးဒဏ်ရာရနေတာဖြစ်ပြီး တချို့တပ်ဖွဲ့ဝင်တွေကတော့ အာဏာဖီဆန်ကာ တပ်က ထွက်ပြေးပြီး ပြည်သူ့ရင်ခွင့်ခိုလှုံနေကြတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013