ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှ အဖွဲ့လိုက်စက်ဘီးစီးပြီးပြန်လာတဲ့ အမျိုးသားတဦး ဒီနေ့ နေ့လယ် ၁ နာရီက ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် သာယာဝတီလမ်းမှာ လဲကျသေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ဒီနေ့မနက်က အမျိုးသားတဦးဟာ အသိမိတ်ဆွေတွေနဲ့ မှော်ဘီမြို့နယ်ကို စက်ဘီးစီးထွက်ခဲ့ပြီး အပြန် ဆရာစံရပ်ကွက် သာယာဝတီလမ်းမှာ လဲကျခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"လဲကျပြီး မသေသေးဘူး၊ ဆေးရုံကိုပို့ဖို့ ရပ်ကွက်လူကြီးတွေ ပရဟိတအသင်းကို ဖုန်းဆက်ခေါ်ပြီး ဆေးရုံကိုပို့တယ်၊ ဆေးရုံရောက်မှ ဆုံးသွားတာ။"
သေဆုံးသူမှာ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် ကုက္ကိုင်းရိပ်သာလမ်းမှာနေထိုင်တဲ့ ဦးတင်ထွဋ်ဆိုသူ စက်ဘီးစီးဝါသနာရှင်ဖြစ်ပြီး ပန်းနာရင်ကြပ်ရောဂါအခံရှိတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သူက ပန်းနာရင်ကြပ်ရှိတဲ့လို့ ပြောတယ်၊ နေလည်းအရမ်းပူနေတော့ ဦးနှောက်သွေးကြောပြတ်သွားတာဖြစ်မယ်။"
လဲကျသွားတဲ့ ဦးတင်ထွဋ်ကို မေတ္တာအလင်းလူမှုကူညီရေးအသင်းက လူနာတင်ယာဥ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရာ ဆေးရုံရောက်ရှိချိန်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ဒီနှစ် ဧပြီလရဲ့ နေ့အပူချိန်ဟာ အရင်နှစ်တွေထက် မြင့်တက်ကြောင်း မိုးလေဝ
သနှင့် ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။