ထိုင်းအာဏာပိုင်တွေက ပြည်သူ့ကာကွယ်ရေးတပ် (PDF) သုံးဦးအား ဖမ်းဆီးပြီး မြန်မာစစ်တပ်ဆီ အပ်ခဲ့တာနဲ့ပတ်သက်ပြီး ထိုင်းစစ်ခေါင်းဆောင်ပရာယွတ်ကို ထိုင်းလွှတ်တော်အမတ် Move Forward ပါတီ ဒုတိယ အထွေထွေအတွင်းရေးမှူးက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဆေးလာကုသတဲ့ Lion Battalion ဗျူဟာ စစ်ကြောင်းက ဒု-စစ်ကြောင်းမှူးအပါအဝင် PDF ရဲဘော် ၃ ယောက်ကို ထိုင်းလဝက၊ ထိုင်းစစ်တပ်နဲ့ အာဏာပိုင်တွေက ဧပြီ ၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး မြန်မာဘက်ခြမ်း အင်ကြင်းမြိုင် BGF ဂိတ်ကို ပြန်လည်ပို့ဆောင်ခဲ့တာပါ။
Move Forwardပါတီ ဒု-အထွေအထွေအတွင်းရေးမှူး ရန်စီမန်က "ပရာယွတ်က ဘယ်တုန်းကမှ လူ့အခွင့်အရေးအကြောင်း စဉ်းစားပေးသူမဟုတ်ဘူး။ မြန်မာ စစ်အာဏာရှင်နဲ့ ထိုင်းအစိုးရကြား ကာလရှည်ကြာ ပူးပေါင်းမှုတွေက မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ပိုပြီ ဖြစ်ပွားစေတယ်" လို့ The Reporters သတင်းဌာနကို ပြောပါတယ်။
ထိုင်း-မြန်မာ စစ်ခေါင်းဆောင်တွေ ဒီလိုပူးပေါင်းနေတာက နှစ်နိုင်ငံလုံးအတွက် အထူးနာကျင်ကြေကွဲစရာဖြစ်ပြီး အားလုံးရဲ့တာဝန်က မြန်မာအကျပ်အတည်း ဖြေရှင်းပေးရေးဖြစ်ကာ အခုလို ထိုင်းစစ်တပ်နဲ့ မြန်မာ စစ်တပ်ကြား ဆက်ဆံနေမှုက အပြောနဲ့ လက်တွေ့ တခြားစီဖြစ်နေပြီး စီးပွားတွက်သာတွက်ပြီး လိမ်နေတာလို့ ဆက်လက်ဝေဖန်ထားပါတယ်။
ထိုင်းအစိုးရက PDF သုံးဦးကို မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးလိုက်တာက ကြီးမားစွာထောက်ပံ့နေတာဖြစ်ကြောင်း၊ နိုင်ငံတကာကိုထင်သာမြင်သာ သက်သေပြလိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံက လူ့အခွင့်အရေးအပေါ်လေးစားမှုမရှိတာကို ကမ္ဘာက သိစေခဲ့တာဖြစ်ကြောင်း၊ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ထိုင်းအစိုးရက မူးယစ်ဆေးလုပ်ငန်းတွေကို ပိုမိုဆိုးရွားလာစေပြီးတော့ မူးယစ်ဆေးကို ခဝါချပြီးရတဲ့ငွေတွေနဲ့ ပြည်သူတွေကို ဒုက္ခတွင်းထဲပို့နေတဲ့ မြန်မာစစ်ကောင်စီရဲ့ လူသတ်လက်နက်တွေ ဖြစ်လာစေကြောင်း၊ ထိုင်းနိုင်ငံက မြန်မာဘက်က မူးယစ်ဆေး ထုတ်လုပ်မှုကနေ ငွေကြေးခဝါချ ဖို့ အလွယ်ကူဆုံးနိုင်ငံဖြစ်စေနေပြီး အဆုံးမဲ့လူ့အခွင့်အရေးကပ်ဆိုးကြီးကို ဖြစ်တည်စေကြောင်း ပြောဆိုသွားပါတယ်။
အခုလို ထိုင်း-မြန်မာ နှစ်နိုင်ငံစစ်ခေါင်းဆောင်တွေကိုဝေဖန်လိုက်တဲ့ Move Forward ပါတီ ဒု-အထွေထွေအတွင်းရေးမှူး ရန်စီမနေဟာ ထိုင်းစစ်ခေါင်းဆောင် ပရာယွတ်ကို အတိုက်အခံပြုလုပ်ပြီး မတရားမှုတွေ အကုန်လုံးဖော်ထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။