တနင်္သာရီတိုင်းအတွင်း ဧပြီ ၇ ရက်နဲ့ ၈ ရက်နေ့မှာ စစ်ကောင်စီက ဒေသခံ ၆ ဦးကို PDF နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးကာ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထားဝယ်မြို့နယ် ပကာရီကျေးရွာက ဆိုင်ကယ်ပြင်သမား ကိုနိုင်ဝင်း (ခ) ပေသီးနဲ့ မောင်မယ်ရှောင် ကျေးရွာက ဈေးသည် ဦးသန်းဇော်(ခ)သားကြီးတို့ကို ဧပြီ ၇ ရက်နေ့ ညကဖမ်းဆီးပြီး ထားဝယ်မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀(ည)၊ ၅၁ (ဂ) တို့နဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီမြို့နယ်မှာလည်း ဥယျာဉ်ခြံလုပ်သားတွေဖြစ်တဲ့ ကိုဟိန်းမင်းသူ၊ ကိုချမ်းမြေ့ဇော်နဲ့ ကိုဖြိုးမင်းခန့်(ခ) ပိုင်ဇေရဲထွေးတို့ကို ဖမ်းဆီးခဲ့ပြီး ဧပြီ ၇ ရက်နေ့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂(က) တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။
ဘုတ်ပြင်းမြို့နယ် ကမာချောင်းကျေးရွာနေ စက်သုံးဆီရောင်း/ဝယ်ရေးဆီဆိုင်ပိုင်ရှင် ဦးအောင်ဇော်ဦး (ခ) ဇော်ဦးကိုလည်း စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ပတ်သက်တယ်ဆိုပြီး ဧပြီ ၈ ရက်နေ့ နေ့လယ်က စွပ်စွဲဖမ်းဆီးကာ ဘုတ်ပြင်းမြို့နယ် မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ် မင်းထိန်ကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မင်းထိန်ရွာနဲ့ ပဝတ်ကုန်းရွာအကြားမှာ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၇ ရက် နေ့လယ် ၂ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပထမအကြိမ် မိုင်းခွဲခံရပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ ပဝတ်ကုန်းရွာထဲဝင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ အလံကို လာရောက်ဖြုတ်ယူရာမှာ ဒုတိယ အကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “လွန်ခဲ့တဲ့ သုံးပတ်လောက်က စစ်ကြောင်းက ပဝတ်ကုန်းမှာ တပ်စွဲထားတာ။ နောက်တော့ စခတွေက တပတ်လောက် တပ်ဆုတ်သွာတယ်။ တပ်ဆုတ်သွားချိန်မှာ ကျနော်တို့ အလံ သွားထောင်ထားခဲ့တယ်။ အဲဒါကို သူတို့က ကျနေတို့အလံ ပြန်လာဖြုတ်တာ။ သူတို့ ပြန်လာမယ်မှန်းသိလို့ ကျနော်တို့ဘက်ကလည်း မိုင်းထောင်ထားခဲ့တာ” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၄ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရကာ အရေအတွက်အတိအကျကိုတော့ သီးခြားအတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။