မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ မင်းတံတားရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီ ၇ ရက် မနေ့ ညက ဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းတံတားရပ်ကွက်နေဒေသခံတဦးက "ပေါက်ကွဲသံက အကျယ်ကြီးပဲ။ တခါမှ ဒီလောက်ကျယ် တာ မကြားဖူးဘူး။ လှိုဏ်သံတောင် ပါတယ်။ အနီးနားက အိမ်တွေတောင် တုန်သွားတယ်။ သေနတ်ပစ်သံတွေလည်း ကြားခဲ့တယ်" လို့ ပြောပါတယ်။
ဗုံးက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအရှေ့ ရေမြောင်းအဖုံးထဲမှာ ပေါက်ကွဲခဲ့တာကြောင့် ထိခိုက် ဒဏ်ရာရသူ မရှိခဲ့ဘဲ ဗုံးပေါက်ကွဲမှုကြောင့် အနီးနားနေအိမ်တွေက ပြတင်းပေါက်တွေ ကွဲသွားတယ်လို့ သိရပါတယ်။
မင်းတံတားရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောင်စီတပ်စစ်သားတွေ ကင်းစောင့်နေကြတာ ရှိပေမယ့် ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
မိုးကုတ်မြို့ ရှမ်းတောရပ် ချမ်းသာကြီးဘုရားအဆင်းက မြစ်သားထမင်းဆိုင်အနီးမှာ ဧပြီ ၆ ရက် က မပေါက်ကွဲသေးတဲ့ ဗုံးတလုံးတွေ့ရှိခဲ့ရပြီး စစ်ကောင်စီတပ်က လာရောက် ဖောက်ခွဲ သွားတယ်လို့ သိရပါတယ်။