တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ ဆိုင်ကယ်မောင်းနှင်လာသူ ရွာသား ၂ ယောက်ကို ဧပြီ ၇ ရက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်က ဘန်းလမွတ်ကျေးရွာအုပ်စု မော်တုန်းကျေးရွာအနီး ဆိုင်ကယ် တစီးကို ၂ ယောက်စီးလာချိန် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ခံရသူအမျိုးသား ၂ ယောက်ထဲက ကိုကျော်ထွေးဆိုသူမှာ နေရာတင် သေဆုံးခဲ့ပြီး အတူပါလာတဲ့ ၁ ယောက်ကိုတော့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "နှစ်ယောက်ဆိုင်ကယ်တစီးနဲ့သွားတာ။ တယောက် သေတာပဲ သိရသေးတယ်။ ကျန်တယောက်က သေလား ရှင်လား မသိရသေးဘူး။ စစ်တပ်က ရွာထဲမှာ နေရာယူထားကြတယ်" လို့ ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သဲဖြူ-သိန်ခွန်းကျေးရွာအနီးရှိ မိန်းလမ်းမကြီးမှာ ဆိုင်ကယ်မောင်းနင်းလာတဲ့ ဒေသခံတဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သေးတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးဘက်ကလည်း အဆိုပါ လမ်းမတလျှောက် တိုက်ပွဲပြင်းထန်နေတာကြောင့် ခရီးသွားလာမှုတွေကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
မြိတ်-မောတောင်လမ်းမတလျှောက်မှာ မတ် ၂၈ ရက်နေ့ကစတင်ကာ တိုက်ပွဲပေါင်း ၂ဝ ကျော် ဖြစ်ပွားခဲ့ပြီး ဒေသခံအများအပြား စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။