Home
မြန်မာသတင်း
ရွှေကျင်မြို့ရှိ လွှတ်တော်အမတ်မိသားစုပိုင် ချိပ်ပိတ်ခံရသည့်နေအိမ်ကို စစ်ဗိုလ်ဟောင်းက ရောင်းစား
DVB
·
April 6, 2023
339999952_1264100141157946_2923468799767658234_n
Shwe Kyin

ပဲခူးတိုင်း၊ ရွှေကျင်မြို့ရှိ လွှတ်တော်ကိုယ်စားလှယ် တယောက်ရဲ့ သားဖြစ်သူ ပိုင်ဆိုင်တဲ့ ချိပ်ပိတ်ခံထားရတဲ့ နေအိမ်ကို  တပ်ပြေးစစ်ဗိုလ်တယောက်က ဧပြီ ၃ ရက်မှာ ရောင်းစားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာကြောင့် အိမ်ကို သော့ခတ်ပြီး၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွှေကျင်မြို့နယ် NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းရဲ့ သားပိုင်ဆိုင်တဲ့အိမ်ကို တပ်ပြေးစစ်ဗိုလ်တယောက်က သိန်း ၁၂၀ နဲ့ရောင်းချလိုက်တာဖြစ်ပါတယ်။

ရွှေကျင်မြို့ခံတယောက်က "ရောင်းတဲ့သူက တပ်ပြေး ဗိုလ်ပြည့်စုံနဲ့ သူ့မိန်းမ NON-CDM ဆရာမ ဒေါ်ကြော့ကြောမြင့်မိုရ်တို့ကရောင်းလိုက်တာ။ ဝယ်သူက  အခုလက်ငင်း သိန်း ၈၀ ချေတယ်။ ကျန်ငွေကို နောက်ဘယ်တော့ပေးမယ်တော့မသိပါဘူး။ တပ်ပြေး ဗိုလ်ပြည့်စုံက အခုလက်ရှိ စစ်ကောင်စီခန့်မြို့နယ်စီမံကောင်စီဝင်ဗိုလ်မှူးအောင်ချမ်းအောင်နဲ့ အရင်က တတပ်ထဲနေလာတာ ဆရာတပည့်တွေဆိုတော့ ဒီဗိုလ်မှူးကိုပိုင်တာပေါ့”လို့ပြောပါတယ်။

အခု ရောင်းစားခံရတဲ့ အိမ်ဟာ ရွှေကျင်မြို့၊ ကျွဲတဲရပ်ကွက်၊ ငုဝါလမ်း၊ အိမ်အမှတ် ၆၃၃ ဖြစ်ပြီ ပေ ၄၀-၆၀ မြေကွက်ပေါ်မှာ ဆောက်ထားတဲ့ တထပ်တိုက်လေးဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက “ပထမ ချိပ်ပိတ်ခံရတဲ့ ကျမအိမ်ထဲကို ခိုးပြီးဝင်မွှေတော့၊ ကျမသားရဲ့ အိမ်နဲ့ပတ်သက်တဲ့ စာရွက်စာတန်းတွေရယ်၊ မြေကွက်ဝယ်ယူထားတဲ့ စာချုပ်တွေရယ်ကို ရသွားတာ။ ကျမသားကလည်း ထွက်ပြေးနေရတော့ အိမ်ကို ဒီအတိုင်းပိတ်ထားခဲ့ရတာ။ အဲ့ဒီမှာ သူတို့က ကျမသားအိမ်ထဲကို အရင်ခိုးဝင်ပြီး၊ အိမ်ထဲက ရေခဲသေတ္တာ၊ TV၊ အဝတ်လျှော်စက်၊ အိမ်ထောင်ပရိဘောဂတွေ အကုန်လုံးသယ်ယူသွားတာ၊ အိမ်ကိုအပြောင်လုပ်ပြီးမှ ရောင်းလိုက်တာ။ ဝယ်သူနာမည်တော့  စုံစမ်းနေတုန်းပဲ အဲ့ဒီအိမ်က မီတာဘောက်တောင် ကျမ နာမည်ပေါက်ပါ”လို့ ပြောပါတယ်။

ရွှေကျင်မြို့ ရှမ်းကြေးရပ်ကွက်၊ ရုံးလမ်းရှိ လွှတ်တော်အမတ် ဒေါ်လှလှဝင်းပိုင်ဆိုင်တဲ့ အိမ်အမှတ် ၈၇ ကိုလည်း  ၂၀၂၂ ခုနှစ် နိုဝင်ဘာ  ၂၄ ရက်မှာ  စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။

အခုလို အိမ်ကိုရောင်းစားခဲ့တဲ့ ဗိုလ်ပြည့်စုံနဲ့ သူ့မိန်းမ NON-CDM ဆရာမ ဒေါ်ကြော့ကြောမြင့်မိုရ် တို့ကို  ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ခဲ့ပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024