ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲက ကျေးရွာတွေကို ဧပြီ ၅ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
မနေ့မွန်းတည့် ၁၂ နာရီလောက်က စီသာနဲ့ မံသာရွာ ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပြီးနောက် ညနေ ၃ နာရီဝန်းကျင်လောက်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ သုံးကျော့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ရွှေကူ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မံသာနဲ့ စီသာကျေးရွာက နေအိမ်တွေ မီးလောင်သွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။
မနေ့က နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချုံခိုတိုက်ခိုက်မှာကို စိုးရိမ်ကြောက်လန့်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်တာလို့ ရွှေကူမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ရွှေကူမြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၂) နဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၂၃ ရက်က စတင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ် တပ်မ(၈၈)လက်အောက်ခံ ခလရ(၁၀) (၇၇) (၈၈)က စစ်ကြောင်း ၅ ကြောင်းနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်လည်ရယူဖို့ လာရောက်တိုက်ခိုက်နေတာလို့ PDF တပ်ဖွဲ့က ပြောပါတယ်။
ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကျေးရွာပေါင်း ၁၂ ရွာလောက်က ပြည်သူ ထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး နေရာထိုင်ခင်းနဲ့ အစားအသောက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။