ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာအနီးက စိန်စိန်ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်တခုကို ဧပြီ ၃ ရက် ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အား ၄၀ လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ကျောက်စိမ်းတူးဖော်တဲ့ ဘက်ဟိုး အစီး ၂၀ နဲ့အတူ ရေမဆေးလုပ်သား ၃၀ ထက်မနည်းကို ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မှော်စီစာဒေသခံ ရေမဆေးလုပ်ကိုင်သူတဦးက “အရပ်ဝတ်တွေလည်းပါတယ်။ စစ်ကြောင်းထိုးလာပြီးတော့ ဝင်ဖမ်းသွားတာ၊ အရင်ကလည်း ဖမ်းဖူးတယ်။ အဓိကတော့ ငွေညှစ်ချင်တာပေါ့။ ဘက်ဖိုးဆို တစီး သိန်းနှစ်ရာ၊ သုံးရာထိတောင်းပြီး ပြန်ရွေးခိုင်းတယ်လေ” လို့ ပြောပါတယ်။
ဘက်ဟိုးမောင်းနှင်သူတွေနဲ့ ရေမဆေးလုပ်သားတွေကို ဘာကြောင့်ဖမ်းဆီးသွားပြီး လက်ရှိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။
ရေမဆေးလုပ်ကိုင်နေသူတဦးက “ဝင်စီးပြီး ခေါ်သွားတာပါပဲ။ ဘာမှဖြေရှင်းလို့မရသေးဘူး။ ဘယ်နေရာမှာပါ၊ ဘယ်လောက်နဲ့ လာရွေးပါလို့လည်း မပြောသေးဘူး” လို့ ပေြာပါတယ်။
ဒီစစ်ကြောင်းထိုးလာတဲ့အတွက် ကျောက်စိမ်းလုပ်ကွက်တချို့ ရပ်နားထားပြီး ကုမ္ပဏီတွေကလည်း မြေသယ်ယာဥ်တွေ၊ ဘက်ဟိုးတွေကို သိမ်းဆည်းနေပါတယ်။
စစ်ကောင်စီတပ်တွေဟာ အရင်တုန်းကလည်း အခုလို ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်လေ့ရှိပြီး သတ်မှတ်အချိန်ကျော်လွန်ပြီး အလုပ်လုပ်ကိုင်တဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကိုလည်း မကြာခဏဆိုသလို ဒဏ်ကြေးငွေတောင်းခံနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။