ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့မှာ ဧပြီ ၅ ရက်နေ့ မနက်က ပုသိမ်ကနေ ချောင်းသာ ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်မြို့ကနေ ချောင်းသာကို ထွက်ခွာလာတဲ့ ‘ဇွဲ’ ခရီးသည်တင်မှန်လုံယာဥ်ဟာ ချောင်းသာ မရောက်ခင် ဥတိုကျေးရွာနားမှာ မနက် ၈ နာရီခွဲကျော်လောက် တိမ်းမှောက်ခဲ့တာလို့ ဒေသခံပရဟိတအဖွဲ့တွေက ပြောပါတယ်။
“ကားက တုံးလုံးကိုမှောက်သွားတာ။ အဲ့အထဲမှာ အမျိုးသားတယောက်တော့ သေသွားတယ်၊ ကျန်တဲ့သူတွေကိုတော့ ချောင်းသာဆေးရုံကို ပို့ပေးထားတယ်” လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။
ခရီးသည်တင်ကားတိမ်းမှောက်မှုမှာ အမျိုးသား ၁ ဦး သေဆုံးခဲ့သလို ဒဏ်ရာရရှိတဲ့ ၁၂ ဦးကို ချောင်းသာ ဆေးရုံပို့ဆောင်ချိန်မှာ စိုးရိမ်ရတဲ့အနေအထား ဖြစ်နေတာကြောင့် ပုသိမ်ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ပုသိမ်-ချောင်းသာ ကားလမ်းဟာ သင်္ကြန်ကာလ ခရီးသွားလာမှုများသလို လမ်းကလည်း ကျဥ်းတာကြောင့် ကားကို အလျင်လိုလို့မောင်းရင် မကြာခဏ ဆိုသလို ယာဥ်တိုက်မှုတွေလည်း ဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။