စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာအရှေ့ဘက်၊ နှောကန်ရွာ အနောက်ဘက်မှာ ဧပြီ ၃ ရက် မနက် ၁၀ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဧပြီ ၂ ရက်ကလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က ၂ ဦးကျဆုံးပြီး နှောကန်ရွာကို မီးရှို့ခဲ့တဲ့အတွက် ဒီနေ့မှာ တိုက်ပွဲထပ်ဖြစ်တာလို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
ပုလဲဗိုလ်ဂဠုန်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “သူတို့က မနေ့က နှောကန်ရွာကို မီးရှို့ပြီး မင်းတိုင်ပင်ရွာကို ပြန်ဝင်တယ်။ ဒီနေ့မနက်ကျတော့ သူ့ဘက် ကိုယ့်ဘက် ကင်းပုန်းယူတဲ့အချိန် ထိတွေ့တိုက်ပွဲ ဖြစ်ကြတာဗျ။ သူတို့ဘက်က ၃ ဦး ကားလမ်းပေါ်တက်လာတဲ့အချိန် ကျနော်တို့ ရှေ့ကင်းနဲ့တွေ့ပြီး ကျနော်တို့ဘက်က လက်ဦးမှုရယူပြီး ပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်က ရဲဘော်တဦးကတော့ ကျနော်တို့ပစ်တာခံရပြီး ကားလမ်းမပေါ် မှောက်နေတာကို သူတို့ဘက်က စစ်သား ၂ ယောက်တက်လာပြီး ပြန်ဆွဲယူသွားတယ်။ ကျနော်တို့ တိုက်ပွဲဖြစ်တာကို မင်းတိုင်ပင်ထဲက (--)တွေ လက်နက်ကြီးပစ်ကူပြီး စစ်ကူလာလို့ ကျနော်တို့အဖွဲ့တွေ နောက်ဆုတ်ခဲ့တယ်ဗျ” လို့ ပြောပါတယ်။
သခင်ဒေါင်းညို၊ ရိုးမရာဇာ ဆရာစိုင်း၊ ဗိုလ်ဂဠုန်၊ ဗမာ့ဒေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
ပုလဲမြို့နယ်မှာ မတ်လ ၃၁ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံး များနေတာကြောင့် ဧပြီ ၂ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ပုလဲမြို့နယ်၊ နှောကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၂၀ ကျော် အပါအဝင် သုံးဘီးဆိုင်ကယ်တွေ၊ ဆန်စက်၊ ထွန်စက်၊ ရေစက်၊ ထန်းလျှော်တောင်းပြုလုပ်တဲ့ ကုန်ကြမ်းတွေ၊ နွား ၂ ကောင်၊ ကောက်ပဲသီးနှံတွေ၊ လှည်း စတဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ မီးလောင်ပျက်စီးခဲ့ပြီး ၇၈ နှစ်အရွယ် အဘွားတယောက် မီးလောင်သေဆုံးကာ ၇၂ နှစ်အရွယ် အဘိုးတယောက် မီးလောင်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒေသတွင်းမှာ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်တာကြောင့် မင်းတိုင်ပင်ကျေးရွာ အနီးအနားက ဒေသခံကျေးရွာတွေ စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ကိုင်တိုင်း၊ ချောင်းဦးမြို့နယ်မှာလည်း ဧပြီ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ရေစကြို ဗိုလ်တမာ တပ်ဖွဲ့ကနေ သိရပါတယ်။
ရွှေလှေရွာမှာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီရဲ့ ဘီးလူးကွန်မန်ဒိုစစ်ကြောင်းကို ဧပြီ ၃ ရက် မနက် ၉ နာရီကျော်လောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တာဝေးပစ်ရော့ကက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဗိုလ်တမာတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ရန်ကုန်သားက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီစစ်ကြောင်းဟာ တောင်ဖီလာရွာဘက်ကနေ အမြင့်တိုက်နယ်၊ ကန်ကြီးကုန်း ပျူရွာဘက်ကို ကူးလာပြီး PDF ကင်းစခန်းတွေကို ပတ်သိမ်းကာ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တာဗျ။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်။”
ဒါ့အပြင် မုံရွာခရိုင် တပ်ရင်း-၁၂ အပါအဝင် ဒေသခံကာကွယ်ရေးတပ်တွေဘက်က ထောင်ထားတဲ့ နင်းမိုင်းတိုက်မိုင်းတွေမိပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဗိုလ်တမာတပ်ဖွဲ့က ပြောပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၃ ရက် ညနေပိုင်းမှာ ဆင်ဖြူရှင်တံတားဘက်ကို စစ်ကြောင်းထိုးလာလို့ ရေစကြိုမြို့နယ် မြောက်ဘက်ခြမ်းက မင်းရွာ၊ သစ်ခေါက်ဆိပ်၊ ဝက်ကတော၊ ပိတ်ချင်းကပ်၊ ဗျည်းဘ၊ ပြည့်ဝ ကျေးရွာတွေက ဒေသခံပြည်သူ ၅,၀၀၀ လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ညောင်ကုန်းရွာနဲ့ မင်းလှရွာကြားရှိ ပြည်သူ့ကာကွယ်ရေး တပ်တွေကို Mi 35 ၃ စီး၊ ရိုးရိုးဂျက်လေယာဉ် ၁ စီး၊ စုစုပေါင်း လေယာဉ် ၄ စီးနဲ့ ဧပြီ ၃ ရက် ညနေ ၅ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကလေးဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ဒေသခံရွာသားတဦးက “ပထမက ညနေ ၃ နာရီလောက်မှာ လက်ပံချောင်းရွာနဲ့ ပျဉ်တော်ဦးရွာ အနီးကနေ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲစဖြစ်ပြီး မကြာဘူး ကလေးမြို့ဘက်ကနေ ဂျက်ဖိုက်တာ ခေါ် Mi 35 နှစ်စီးနဲ့ရောက်လာပြီး စက်လတ်လို့ခေါ်တဲ့ လက်နက်တွေရော ဗုံးတွေရော ချတိုက်တယ်။ ပစ်သံတွေရော၊ ပေါက်ကွဲသံတွေရော စုံနေအောင်ကြားရတယ်။ ကျနော်တို့ ဒေသခံတွေကတော့ တိုက်ပွဲနဲ့ဝေးတဲ့ တောထဲက ချောက်ကြားထဲ ပုန်းနေတာဆိုတော့ အထိအခိုက်တော့မရှိဘူး။ ကျန်တဲ့ စစ်ဘေးရှောင်တွေတော့ ထိကြလားမသိဘူး။ ဖုန်းအဆက်အသွယ်လည်း သူတို့လာရင် လိုင်းမိတဲ့နေရာမှ မိတာဆိုတော့ အခုထိ ဆက်သွယ်လို့မရတာတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။
ကလေးဒေသခံ ပြည်သူ့ကာကွယ်ရေး HNB အဖွဲ့ခေါင်းဆောင်က “ကျနော်တို့က စစ်ကောင်စီ မြေပြင်စစ်ကြောင်းကို ခုခံနိုင်ဖို့ ကြိုတင်ကင်းပုန်းပြင်ဆင်တာတွေ လုပ်နေတုန်း ဂျက်ဖိုက်တာ ၂ စီးနဲ့ ရောက်လာပြီး ကျနော်တို့ကိုပစ်တယ်။ အဲဒါပြီး ခဏနေကြတော့ Mi35 နောက်တစီးနဲ့ ဂျက်လေယာဉ်တစီး ထပ်ရောက်လာပြီး ထပ်ပစ်တယ်။ အဲခါကြတော့ ဝေဟင်ကနေ Mi35 ၃ စီးက ပစ်ခတ်တာတွေလုပ်ပေးပြီး ကျနော်တို့ အရပ်အခေါ် ဗိုက်ဖောင်းရိုရိုးဂျက်လေယာဉ်က မြေပြင်ကို စစ်အင်အားထပ်ချတယ်။ အဲ့ကျတော့ ကျနော်တို့ နောက်ဆုတ်ပေးလိုက်ရတယ်”လို့ ပြောပါတယ်။
မြေပြင်စစ်ကြောင်းဟာ ညောင်ကုန်းရွာ သင်္ချိုင်းကုန်းကနေ တက်ခဲ့တဲ့ စစ်ကြောင်းတကြောင်း၊ ပျဉ်းတောဦီးရွာ အရှေ့ဘက်ကနေ တကြောင်း စုစုပေါင်း ၂ ကြောင်းခွဲ တက်လာတာလို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ရတနာအောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းထဲမှာ စစ်သားအလောင်းတလောင်းကို ဧပြီ ၃ ရက် မနက်ပိုင်းမှာ တွေ့ခဲ့တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဟာ မတ်လ ၂၉ ရက်က ကျွန်းကြီးရွာကို စစ်ကြောင်းစထိုးလာပြီး မတ်လ ၃၀၊ ၃၁ နဲ့ ဧပြီ ၁ ရက်အထိ ညောင်ပင်သာရွာကို ၃ ရက်တိုင်တိုင် မီးရှို့ခဲ့သေးတယ်လို့ ဆိုပါတယ်။
ထီးချိုင့်မြိုနယ် ပအဖ တာဝန်ရှိသူ ကိုကော်နီက “ဧပြီလ ၂ ရက်နေ့ကြတော့ ရတနာအောင်ရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်သေးတယ်။ တိုက်ပွဲဖြစ်ပြီး ရတနာအောင်ရွာ ဘုန်းကြီးကျောင်းထဲပြန်ဝင်ပြီး တပ်ဆွဲညအိပ်တာတွေ လုပ်သွားတယ်။ ဒီနေ့ ဧပြီ ၃ ရက်နေ့ကြတော့ ထီးချိုင့်မြို့ထဲ ပြန်ဝင်သွားတာသိလို့ ရွာသားတွေ ရွာထဲပြန်ဝင်ပြီး ရှင်းလင်းရေးလုပ်တော့ ဒီ(--)အလောင်းကို တွေ့ခဲ့ရတာဗျ။ ပထမတော့ မြေမြှုပ်ထားခဲ့ကြတယ်” လို့ ပြောပါတယ်။
အလောင်းကို မသင်္ကာလို့ တူးကြည့်ရာမှာ တပ်မ ၈၈ တံဆိပ်ပါ စစ်အင်္ကျီအပိုင်းအစ အဆုတ်အပြဲနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ၂ လုံးလည်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ထီးချိုင့်မြို့နယ် ရတနာအောင်ရွာ အပါအဝင် မယ်ဇလီရွာ၊ ညောင်ပင်သာရွာတို့ကို မီးရှို့ခဲ့တာကြောင့် ညောင်ပင်သာရွာက တိုက်နယ်ဆေးရုံ အပါအဝင် ဒေသခံပြည်သူတွေရဲ့ အိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံးခဲ့တယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ထိခိုက်သေဆုံးမှု အရေအတွက်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။