အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျုက ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်လိုက်သလို စစ်ခေါင်းဆောင်ကလည်း ရုရှား ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးကို သီရိပျံချီဘွဲ့တံဆိပ် ပြန်လည် ဂုဏ်ပြုချီးမြှင့်လိုက်ပါတယ်။
ဧပြီ ရက် ၃ က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ အခမ်းအနားကျင်းပပြီး အခုလို အပြန်အလှန် ဆုချီးမြှင့်ခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
လူသားချင်းစာနာထောက်ထားမှုနယ်ပယ်အပါအဝင် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်မှုတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်မှုအတွက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေးတာလို့ ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျုရဲ့ အကြီးအကဲ ပါမောက္ခ ဒေါက်တာ ဗက်တဲလ်လီ ဗေချာစလာဗိုဗစ်ရှ် နမ်ခင်က ပြောပါတယ်။
အလားတူမြန်မာစစ်ခေါင်းဆောင်ကလည်း ရုရှားကာကွယ် ဒုဝန်ကြီး အလက်ဇန္ဒားဗာဆီလီဗရှ်ဖိုမင် ကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းသာယာဝပြောရေး စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်မှုတွေအတွက် စွမ်းဆောင်မှုဆိုင်ရာ သီရိပျံချီဘွဲ့တံဆိပ်နဲ့ အဆောင်အယောင် ချီးမြှင့်အပ်နှင်းလိုက်ပါတယ်။
ရုရှားကာကွယ်ရေး ဒုတိယဝန်ကြီးက ဒီဆုဟာ သူတယောက်တည်းရဲ့ စွမ်းဆောင်မှုကြောင့် ဆုချီးမြှင့်ခံရတာမဟုတ်ဘဲ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်ရရှိခဲ့တာဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဆက်ဆံမှုတွေ ပိုမိုတိုးမြှင့်ခိုင်မာစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
သီရိပျံချီဘွဲ့ဟာ မြန်မာနိုင်ငံရဲ့ ကောင်းရာကောင်းကျိုး ဖြစ်ထွန်းစေရေး ထူးကဲ ကောင်းမွန်စွာ ဆောင်ရွက်သူတွေကို ပေးအပ်ချီးမြှင့်တဲ့ ဘွဲ့တံဆိပ်တစ်ခုကြောင်း မြန်မာနိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား၊ မြန်မာ့တပ်မတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး ကူညီ ဆောင်ရွက်ပေးခဲ့တဲ့အပြင် ရုရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေအောင် ဆောင်ရွက်ပေးခဲ့လို့ ချီးမြှင့်ပေးအပ်တာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံနဲ့ တပ်မတော်နှစ်ရပ်အကြား ကာလကြာရှည်စွာ တည်ဆောက်ခဲ့တဲ့ စစ်ဘက်နည်းပညာ၊ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုနယ်ပယ်မှာ ပူးပေါင်း ဆောင်ရွက်မှုတွေ အပါအဝင် နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်ဆံမှုတွေ တိုးမြှင့်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
မြန်မာအာဏာသိမ်း စစ်ကောင်စီနဲ့ ယူကရိန်းကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားအစိုးရကို နိုင်ငံတကာ အသိုက်အဝန်းက ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်နေချိန်မှာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ရုရှားအစိုးရအကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုပြုလုပ် လာနေတာဖြစ်ပါတယ်။
လက်ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနေရတဲ့ ရုရှားဟာ မြန်မာအဏာသိမ်းစစ်တပ်ကို အစဉ်တစိုက် ထောက်ခံ အကာအကွယ်ပေးနေသလို စစ်လက်နက်ပစ္စည်း အကူအညီတွေလည်း ပေးနေတာဖြစ်ပါတယ်။
Photo-DSINFO