မြန်မာတပြည်လုံးမှာ နေ့အပူချိန်တွေ တဖြည်းဖြည်းမြင့်တက် လာနိုင်ကြောင်းနဲ့ နိုင်ငံတောင်ပိုင်းစွန်းနဲ့ မြောက်ပိုင်းစွန်းတို့မှာ ချိန်ခါမဟုတ် ပျံကျမိုးတွေ ထစ်ချုန်းရွာလာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ဧပြီ ၃ ရက်မှ ၉ ရက်အထိ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ထားတာဖြစ်ပြီး အခုတပတ်အတွင်းထူးခြားချက်ကတော့ မြန်မာနိုင်ငံအပါအဝင် အာရှတိုက်ဟာ မြောက်ကမ္ဘာခြမ်း နွေဦးရာသီဆီ ကူးပြောင်းရောက်ရှိလာတဲ့ ရက်သတ္တပတ်ဖြစ်ပြီး အပူချိန်အပေါ်မူတည်ကာ လေဖိအားစနစ်ပြောင်းလဲလာမှုနဲ့အတူ ဆောင်းလက်ကျန် မြောက်လေအေးတချိုဟာ မြောက်-တောင် အတိုးအဆုတ်ပြု ပြီးတော့ မုတ်သုံလေဦးကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ အပူချိန်မြင့်တက်လာမှုကြောင့် လေဖိအားလျော့ကျမှု ဖြစ်ပေါ်လာပြီး အဆိုပါလေဖိအားလျော့နည်းရပ်ဝန်းက တောင်-မြောက်တိုက်လေ အပြောင်းအလဲကို လျင်မြန်စေပြီး ရေငွေ့တွေ၀င်ရောက်လာမှုကြောင့် ချိန်ခါမဟုတ် မိုးများထစ်ချုန်းရွာစေနိုင်တယ်လို့ သတိပေးထားပါတယ်။
ဧပြီ ၄ ရက်မှာတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ နေ့အပူချိန်တွေ မြင့်တက်လာနိုင်ပြီး မိုးအခြေအနေမှာတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ချိန်ခါမဟုတ် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။