တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ မတ်လ ၃၁ ရက်ကနေ ဧပြီ ၂ ရက်အထိ ၃ ရက်အတွင်း မြို့ခံ ၈ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေဟာ အသက် ၂၀ နဲ့ ၅၀ ကြားရှိ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၅ ဦး ဖြစ်ပြီး အားလုံးကတော့ နေအိမ်တွေမှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။
အဖမ်းခံခဲ့ရသူတွေထဲမှာ အာဏာသိမ်းပြီးကာစ သပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးသူတချို့လည်း ပါပေမဲ့ လက်ရှိ သပိတ်လှုပ်ရှားမှုတွေမှာတော့ ပါဝင်တာမျိုး မရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၂ ရက် နေ့လယ်ပိုင်းက အန်အယ်လ်ဒီပါတီဝင် ဦးဝင်းဇော်ကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးတဲ့အချိန် ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူတို့ကိုပါ ဖမ်းဆီးသွားတယ်လို့ လောင်းလုံးမြို့ခံတဦးက ပြောပါတယ်။
လောင်းလုံးမြို့ခံတဦးကလည်း “ဖမ်းတာက ညဘက်တွေ လိုက်ဖမ်းတာများတယ်။ ကား ၄ စီးနဲ့ မြို့ပတ်ပြီး လိုက်ဖမ်းတာ။ သေနတ်နဲ့ပစ်တာတော့ မရှိသေးဘူး။ အခု လောင်းလုံးမှာဆို လမ်းသွားလမ်းလာတွေတောင် သိပ်မရှိတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၃ ရက်အတွင်း လောင်းလုံးမြို့ပေါ်ရှိ နေအိမ် ၂၀ ခန့်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့သေးတယ်လို့ ဆိုပါတယ်။
အဲဒီရှာဖွေဖမ်းဆီးမှုတွေကိုတော့ မတ်လ ၃၁ ရက် မနက်အစောပိုင်းက ထားဝယ်မြို့ဘက်ကနေ ဗီဂိုးကား ၂ စီး၊ အိမ်စီးကား ၁ စီးနဲ့ ရောက်လာတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လောင်းလုံးမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ မြို့ခံတချို့က ပြောပါတယ်။
ဖမ်းထားတဲ့သူတွေကိုတော့ လောင်းလုံးမြို့မရဲစခန်းမှာ စစ်ဆေးနေပြီး ဧပြီ ၃ ရက် နေ့လယ် ၂ နာရီလောက်အထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရကြသေးပါဘူး။
လောင်းလုံးမြို့နယ်ထဲရှိ ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ် ၁၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံအမျိုးသား ၆ ဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်။