စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ညောင်ပေါင်ရင်းရွာကို ဧပြီ ၁ ရက် မနက်ပိုင်းက အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို ကန့်ဘလူ မြေပြင်မဟာမိတ်အဖွဲ့တွေက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။
ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက “အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက ညောင်ပေါင်ရင်းရွာကို စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ကြတယ်။ ဖြည့်စွက်ပြောရရင်တော့ ဧပြီလဆန်းကတည်းက ကန့်ဘလူခရိုင် စစ်ကြောင်းထိုးခံရတော့ စိတ်ပူသောကတော့ ရှိတယ်ဗျ၊ တခြားတော့မဟုတ်ဘူး၊ စစ်ရှောင်များလေ၊ ထောက်ပံ့မှုလိုအပ်လေမို့ မနိုင်ဝန်ဖြစ်တော့မှာ တွေးပူမိလို့ပါဗျ။ ကျနော်တို့လည်း ထောက်ပံ့မှုမပေးနိုင်ရင် စိတ်မကောင်းဖြစ်ရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ညောင်ပေါင်ရင်းရွာထဲမှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်နေတဲ့ အဆိုပါ စစ်ကြောင်းကို မနက် ၁၁ နာရီခွဲမှာ Kanbalu Underground Warriors၊ MPF U.18၊ စွန်ရဲအဖွဲ့၊ ကန့်ဘလူမြို့နယ်(ပကဖ) နဲ့ မြေပြင်လှုပ်ရှားညီနောင်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီး ၁ လုံးချကာ တိုက်ခိုက်ခဲ့ပါတယ်။
မွန်းလွဲ ၁၂ နာရီခွဲမှာတော့ မြေပြင်မဟာမိတ်အဖွဲ့တွေက ၈၁ မမ ၇ လုံး၊ ၆၀ မမ ၃ လုံး အပါအဝင် လက်နက်ငယ်တွေနဲ့ ရွာထဲထိ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်နဲ့ ပျူစောထီးတို့က ၇၉ အောက်တွဲနဲ့ အချက် ၂၀ ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး စစ်တပ်နဲ့ ပျူစောထီးတို့ဘက်က ၄ ယောက် ထိခိုက်သေဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြေပြင်မဟာမိတ်အဖွဲ့ဘက်က ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဆိုပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဧပြီ ၂ ရက်မှာလည်း ညောင်ပေါင်ရင်းရွာဘက်ကနေ ဉာဏ်အင်းရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြပြီး အပြစ်မဲ့ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကာ အင်းလယ်ကြီးရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုး ထွက်ခွာသွားကြပြီး အင်းလယ်ကြီးရွာမှာ စခန်းချနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကြောင်းမှာ ပျူခေါင်းဆောင် ဝါသဝရဲ့ ဩဝါဒခံ ပျူစောထီး အများဆုံးပါတဲ့ စစ်ကြောင်းဖြစ်ပြီး သူတို့ စစ်ကြောင်းထိုးခဲ့တဲ့ရွာတွေက တန်ဖိုးရှိ ရွှေ၊ ငွေ၊ ဆန်စပါး၊ ကောက်ပဲသီးနှံနဲ့ အိမ်မွေးတိရစ္ဆာန် ကြက်၊ ဝက်တွေသာမက လယ်ယာသုံး ကျွဲ၊ နွားတွေကိုပါ ခိုးယူသယ်ဆောင်သွားလေ့ရှိတဲ့ အကြမ်းဖက်စစ်ကြောင်း ဖြစ်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။