စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဧပြီ ၃ ရက်က ရွှေဘို-မြစ်ကြီးနား လမ်းပေါ်မှာ အမြန်ယာဥ်မှန်လုံကားပေါ်ကနေ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝတ်စုံနဲ့ ပစ္စည်းတွေကို ရှာဖွေစစ်ဆေးတွေ့ရှိခဲ့တယ်လို့ မြို့နယ်ပကဖ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းအရ ကြိုတင်စောင့်ဆိုင်း ရှာဖွေစစ်ဆေးရာ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်မှာ မုံရွာကနေ မြစ်ကြီးနားကိုသွားမယ့် ရွှေကချင် မှန်လုံအမြန်ကားရဲ့ အောက်ခန်းအတွင်း သိုဝှက်သည်ဆောင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ ဝတ်စုံ အသုံးအဆောင်ပစ္စည်းနဲ့ ဆက်သွယ်ရေး စက်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ကားသမားနဲ့ ခရီးသည်တွေရှေ့မှာ ရှာဖွေဖော်ထုတ်ခဲ့ပြီး နောက်နောင် ကားသမားတွေအနေနဲ့ စကစနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ မသယ်ယူဖို့ သတိပေး တားမြစ် ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ကာ သိမ်းဆည်းရမိပစ္စည်းတွေကိုတော့ အသေးစိတ် မထုတ်ပြန်သေးဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
မတ်လ ၃၁ ရက်ကလည်း ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်မှာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်ချက်နဲ့ ကြိုတင်သတင်းအရ စကစထုတ် ဘီယာတွေကို သိမ်းဆည်းရမိ ဖျက်ဆီးခဲ့ပြီး စကစနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကို မသယ်ဆောင်ဖို့ ခံဝန်ထိုးခိုင်းကာ ကားသမားတွေကို ပြန်လွှတ်ပေးခဲ့တာတွေရှိပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ကောင်စီထုတ်ကုန်တွေကို သယ်ယူဖြန့်ဖြူးရောင်းချတာတွေ မပြုလုပ်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။