ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကြက်မနက်ကျေးရွာမှာ ဘန်ကာ၊ ကတုတ်ကျင်းတွေနဲ့ အခိုင်အမာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီ ၁ ရက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပိတောက်ဖြူစစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်း ချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ စီးနင်းချေမှုန်းမှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ-၂၊ တပ်ခွဲ-၃၊ တပ်ခွဲ-၄၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ မှ တပ်ခွဲ-၅၊ တပ်စု-၂ နဲ့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပိတောက်ဖြူစစ်ဆင်ရေးမှာ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သလို MA3 ဒင်ခေါက်သေနတ် ၁ လက်၊ ကျည် ၂၀ နဲ့ လက်ပစ်ဗုံး ၁ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
အဲဒီစီးနင်းချေမှုန်း တိုက်ခိုက်မှုမှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ က တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးတယ်လို့လည်း ဆိုပါတယ်။
အလားတူ၊ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အရှေ့ဘက် ပဲခူးရိုးမပေါ်ကို စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၃ တို့ မတ် ၃၁ ရက် မနက် ၇ နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။
သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ-၃ ရဲ့ PDF စခန်းနေရာကို စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်အားအများအပြားနဲ့ စခန်းကိုစီးနင်းဖို့ တက်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ရိုးမတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မတ် ၂၃ ရက်ကလည်း စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ က စစ်သား ၃ ယောက် လက်နက်တွေယူပြီး ပဲခူးရိုးမပေါ်ကို ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်က ရှာဖွေခဲ့ရာက အခုလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းနေရာကို သိရှိပြီး စခန်းစီးနင်းဖို့ လုပ်ရာက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။