ရှမ်းမြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့၊ နမ့်လန်- သီပေါလမ်းမ၊ ကောင်းဟက်ကျေးရွာအနီးရှိ ချောက်ထဲကို ခရီးသည်တင် မှန်လုံကားတစ်စီး ဧပြီ ၂ရက် ညနေပိုင်းက ပြုတ်ကျခဲ့တာကြောင့် ယာဉ်ပေါ်ပါလာသူ ၄ ဦးသေဆုံးခဲ့တယ်လို့ မြို့ခံ ပရဟိတအသင်းက ပြောပါတယ်။
အဲ့ဒီနေ့က သီပေါဘက်က လာတဲ့ မှန်လုံကားဟာ လူ ၄ ဦးလိုက်ပါလာတာဖြစ်ပြီး ကုန်းအဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲ ထိုးကျခဲ့တာကြောင့် ယာဉ်မောင်း ၁ ဦး၊ ယာဉ်နောက်လိုက် ၁ ဦး၊ ခရီးသည် ၂ ဦး စုစုပေါင်း ၄ ဦး ပွဲချင်းပြီး သေဆုံးသွားတာပါ။
မြို့ခံ ပရဟိတအသင်းဝင်တယောက်က "ကားက သီပေါက လာတာ၊ ခရီးသည်တင်ကားပါ၊ ကောင်းဟက်ရွာနားက ချောက်ထဲကျတာ၊ အဆင်းလမ်းမှာ ကွေ့လို ဖြစ်နေတော့ အရှိန်နဲ့ကျတာ၊ ကားကတော့ ရှေ့ဘက် ပွင့်ကျသွားတယ်။ တစ်ဦးကတော့ အပြင်ရောက်မှ DB ဖြစ်သွားပုံရပါတယ်၊ လည်ပင်းကျိုးက နှစ်ယောက်ရှိတယ်" လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် မှန်လုံးကားရဲ့ ရှေ့ခေါင်းခြမ်းပွင့်ထွက်သွားပြီး ယာဉ်မောင်းနဲ့ ခရီးသည် ၁ ဦးမှာ လည်ပင်းကျိုး ဒဏ်ရာ၊ တစ်ဦးမှာ ဦးခေါင်းကွဲအက်ဒဏ်ရာနဲ့ ယာဉ်နောက်လိုက်မှာ ရေမြောင်းထဲ ပြုတ်ကျပြီး ရေနစ်မွန်းဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူတွေကို နမ့်လန်ဆေးရုံပို့ဆောင်ထားကာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကလည်း နမ့်လန်- ကျောက်ဂူလမ်းမပေါ်မှာ ထော်လာဂျီယာဉ်တိမ်းမှောက်လို့ ယာဉ်မောင်းသေဆုံးခဲ့ပါတယ်။