စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် မီးဘေးသင့်ပြည်သူတွေအတွက် ထိုင်းနိုင်ငံအခြေစိုက် (MHAC) မဟာမိတ်အဖွဲ့က စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆားတွေကို ဒေသခံရဲဘော်တွေက စစ်ရှောင်စခန်းရှိ ပြည်သူတွေထံ ဧပြီ ၁ ရက်က သွားရောက်လှူဒါန်းခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်၊ ကုန်းရွာက အိမ်မီးရှို့ခံရတဲ့ စစ်ဘေးရှောင်တွေ၊ ဝက်လက်မြို့နယ်က စစ်ဘေးရှောင်နှစ်ရွာ၊ ဆားလင်းကြီးမြို့နယ်က စစ်ဘေးရှောင်နှစ်ရွာနဲ့ ကလေးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအတွက် အမိုးအကာတွေဝယ်ယူဖို့ ကျပ်သိန်း ၂၀ အပါအဝင် စုစုပေါင်း သိန်း ၉၀ မျှဝေလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် MHAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူ ကိုရဲမင်းက “ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စုပေါင်းပြီး လိုအပ်တဲ့နေရာတွေကို ပြန်လည်စိစစ်ပြီးတော့ ခွဲဝေလှူဒါန်းတာပါ။ တော်လှန်ရေးကာလမှာ အလိမ်အညာ အတုအယောင်တွေ အများကြီးရှိတယ်။ Page အတုတွေ၊ တိုက်ပွဲအတုတွေနဲ့ လိမ်ညာပြီး အလှူခံတဲ့သူတွေ အများကြီးရှိတဲ့အတွက် မှန်ကန်တဲ့အဖွဲ့အစည်းတွေကို ဦးစားပေးလှူတာ ဖြစ်သလို အရေးပေါ်လိုအပ်ရင် လိုအပ်သလို စစ်ဘေးရှောင်အတွက်ပဲဖြစ်ဖြစ်၊ တော်လှန်ရေး တိုက်ပွဲဝင်ရဲဘော်တွေအတွက်ဖြစ်ဖြစ် သေချာစိစစ်ပြီးတော့ လှူဒါန်းတာဖြစ်တယ်” လို့ ပြောပါတယ်။
NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက စာရင်းပြုစု ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၅၀ နဲ့ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ နေအိမ် ၃,၁၀၇ လုံးအထိ ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ တလတာအတွင်း စစ်ကောင်စီတပ်က နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးမှု အကြိမ်ရေ ၁၀၀ ကျော်ထိ ကျူးလွန်ခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုရှိ အရပ်သားနေအိမ် အလုံး ၄,၄၀၀ နီးပါး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။