ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ သင်္ကြန်ပျော်ပွဲရွှင်ပွဲတွေပြုလုပ်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီ ပူးပေါင်းပြီး မြို့ခံတွေကို ခြိမ်းခြောက်ကာ အလှူငွေကောက်ခံနေတယ်လို့ ဝေါမြို့ဒေသခံတဦးက ပြောပါတယ်။
ဝေါမြို့ဒေသခံတဦးက “ဝေါမြို့ရှိ လုပ်ငန်းရှင်၊ ဆိုင်ကြီး၊ သူဌေးစာရင်းပေါက်သူတွေနဲ့ အရက်ဆိုင်၊ နှစ်လုံး သုံးလုံး ရောင်းသူတွေကို အဓိကထား ကောက်ခံပါတယ်။ အရက်ဆိုင်တဆိုင်က အလှူငွေ ၁,၀၀၀ ပဲထည့်လို့ ကန်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်သားကိုခေါ်ပြီး ခြိမ်းခြောက်လို့ အလှူငွေ ၁၀,၀၀၀ ထည့်လိုက်ရတယ်” လို့ ပြောပါတယ်။
ဝေါမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “ပြည်သူတွေ ကျပ်တည်းနေတဲ့ တော်လှန်ရေးကာလမှာ စီးပွားရေးလည်း အဆင်မပြေကြဘူး။ အဲ့ဒါကို သူတို့က လှည့်စားတဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို မဖြစ်ဖြစ်အောင်လုပ်မှာပဲ။ အစ်ကိုတို့က တားဆီးတာတွေ လုပ်ရမှာပေါ့” လို့ ပြောပါတယ်။
ဝေါမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့တွင်းရှိ လုပ်ငန်းရှင်၊ ဆန်စက်၊ ဆီစက်ပိုင်ရှင်တွေကို ပြီးခဲ့တဲ့ မတ်လတည်းက သီးသန့်အစည်းအဝေးခေါ်ပြီး သင်္ကြန်ပျော်ပွဲရွှင်ပွဲအတွက် အလှူငွေများများထည့်ဖို့ တောင်းခံခဲ့တယ်လို့လည်း သိရပါတယ်။