Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာ MOU ရွှေ့ပြောင်းလုပ်သား ၁၀၀၀ ကျော် အလုပ်ဖြုတ်ခံရ
DVB
·
April 3, 2023
339287297_1260937108128825_7064884757060019602_n

ထိုင်းအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ အီလက်ထရောနစ်လျှပ်စစ်ပစ္စည်းစက်ရုံမှာ  MOU စာချုပ်နဲ့ ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား  ၁၀၆၀ ဦး အလုပ်ဖြုတ်ခံရတယ်လို့ အလုပ်သမား အကူအညီပေးနေတဲ့အဖွဲ့က ပြောပါတယ်။ 

အဲဒီအလုပ်သမားတွေဟာ ထိုင်းကို ပြီးခဲ့တဲ့လပိုင်းကမှ ဝင်ရောက်လာပြီး နေသားမကျသေးခင် အလုပ်ဖြုတ်ခံရတာဖြစ်လို့ အခက်အခဲဖြစ်နေတာလို့ သူတို့ကို လိုအပ်သလို ကူညီပေးနေတဲ့ AAC  အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ ဒါရိုက်တာဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့စက်ရုံက လျှပ်စစ်ပစ္စည်းတွေ၊ စီဒီပြားတွေ ဘာတွေ ထုတ်တယ်။ စက်ရုံက အော်ဒါ မဝင်လို့ဆိုပြီးတော့ သူတို့ကို ဆက်မငှားနိုင်တဲ့အကြောင်း၊ ဒီဧပြီလ ၁ ရက်နေ့ကစ အလုပ်ဆင်းစရာမလိုတော့ဘူးဆိုပြီး  ကြိုတင်တော့အကြောင်းကြားပါတယ်။ နစ်နာကြေး ၁ လစာလည်း ပိုထုတ်ပေးပါတယ်။ သူတို့က အဲဒီမှာ ၄-၅ လလောက်ပဲ လုပ်ရပြီး အခုလို တပြုံကြီး အလုပ်ထုတ်ခံတော့  လူအများကြီးအတွက် အလုပ်ပြန်ရှာရတာ ခက်ခဲတာပေါ့။ လောလောဆယ် သူတို့ကို ခေါ်လာတဲ့ အေဂျင်စီနဲ့ မြန်မာအလုပ်သမားသံအရာရှိကို အကြောင်းကြားထားပါတယ်။ ဒီနေ့ သံအရာရှိလာမယ်လို့ ပြောတယ်၊ ဘယ်လို ဆောင်ရွက်ပေးမလဲတော့ မသိဘူး။” 

အဆိုပါအလုပ်သမားတွေဟာ ထိုင်းမှာ အလုပ်လာလုပ်ဖို့ တယောက်ကို ကျပ်သိန်း ၂၀ မှ ၃၀ ထိ ကုန်ကျခဲ့ရတာ ဖြစ်ပါတယ်။ 

ခုတလော မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုပ်ဖြုတ်ခံရတာတွေ မကြာခဏ ကြားနေရကြောင်း၊ စမွတ်စခွန် ဖစ်ကဆဲမ် ၁၁၂ လမ်း ကျောက်သွေးလုပ်ငန်းစက်ရုံက အလုပ်သမား ၃၀၀ ကျော်ဟာလည်း ဒီလအထိပဲ အလုပ်ရှိမယ်လို့ ကြိုတင်အကြောင်းကြားထားသလို ထိုင်းတောင်ပိုင်း ဟတ်ယိုင်ခရိုင်က မြန်မာဆောက်လုပ်ရေးအလုပ်သမား ၅၀ ကျော်ဟာလည်း  လောလောဆယ် အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

MOU နှစ်နိုင်ငံသဘောတူစာချုပ်စနစ်နဲ့ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းမှာ ၂ နှစ်ကနေ ၄ နှစ်ထိ အလုပ်လုပ်ရမှာဖြစ်ပြီး အလုပ်လက်မဲ့မဖြစ်ရအောင် သက်ဆိုင်ရာ အလုပ်သမားအေဂျင်စီတွေအနေနဲ့ ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ AAC အဖွဲ့က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024